ရှေးဟောင်းပုဂံယဉ်ကျေးမှုဇုန်ရှိ သရပါတံခါးမှ ယာဉ်ဖြတ်သန်းခွင့် ပြန်ပေးရခြင်းမှာ ခရီးသွားယာဉ် များနှင့် ယာဉ်ကြော ပိတ်ဆို့မှု မကြာခဏဖြစ်ခြင်းကို ဖြေလျော့နိုင်ရန် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှုး ဦးအောင်အောင်ကျော်က ဧရာဝတီကို ပြောသည်။
ညွှန်ကြားရေးမှုး ဦးအောင်အောင်ကျော်က “ခရီးသွားရာသီမှာဆို အဲဒီနေရာတဝိုက်က ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ် သလို သွားလာရလည်း တော်တော်ခက်ခဲပါတယ်။ ဒါကြောင့် ရေတိုဖြေရှင်းမှု တခုအနေနဲ့ ဖြတ်သန်းခွင့်ပြု လိုက်တာ ပါ” ဟု ပြောသည်။
ယခင်က သရပါတံခါးပေါက်မှနေ၍ ကုန်တင်ယာဉ်ကြီးများ၊ ယာဉ်ငယ်များ ဖြတ်သန်းမောင်းနှင် ကြသော်လည်း ၂၀၁၅ ခုနှစ် မတ်လ ၁ရက်နေ့တွင် တတန်နှင့် အထက် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ကို ပိတ်လိုက်ပြီး၊ ယာဉ်ငယ်များကိုမူ ခွင့်ပြုခဲ့သည်။
၎င်းနောက် ၂၀၁၆ ခုနှစ် ပုဂံငလျင်အပြီးတွင်မူ သရပါတံခါးမှ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက် ပြီး လမ်းလွှဲမှသွားစေခဲ့သည်။
သို့သော် ခရီးသွားရာသီဆိုပါက ယာဉ်ကြောကြပ်တည်းမှု ခဏခဏဖြစ်ပွားသဖြင့် ဖြတ်သန်းသွား လာခွင့်ကို ယခင်လ က စတင်ကာ အိမ်စီးကားငယ်များကို ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး တနာရီ လျှင် ၁၀ မိုင်နှုန်း အရှိန်နှုန်းဖြင့်သာ မောင်းနှင်ရန် တံခါး အဝင်အထွက် နေရာများတွင် Slow Down များ တပ်ဆင်ရန်နှင့် ယာဉ်ကြီးများ ဖြတ်သန်းခြင်း မပြုနိုင်ရန် အမြင့်ပေ ကန့်သတ်သည့် တန်းများ စီစဉ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းငလျင်ဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်အရ သရပါတံခါးအနီး ဖြတ်သန်း သွားလာမည့် ယာဉ်ငယ်များ သည် တနာရီလျှင် ၁၀ မိုင်နှုန်းဖြင့် မောင်းနှင်ပါက ရှေးဟောင်း သရပါတံခါးကို ထိခိုက် မှုမရှိကြောင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေလျော့နိုင်မည့် လမ်းသစ်တလမ်း ဖောက်လုပ်နိုင်ပါက တံခါးမှ ဖြတ်သန်းသွား လာခြင်းကို ပြန်လည် ကန့်သတ်သွားမည်ဟု ဦးအောင်အောင်ကျော်က ဆိုသည်။
ပုဂံချစ်သူများ အဖွဲ့ နာယက ဦးချင်းပိုက “အခါကြီးရက်ကြီးနဲ့ ကျောင်းပိတ်ရက် တွေဆုံရင်တော့ ယာဉ်အသွားအလာ များတာမျိုး ရှိပေမဲ့ ဒီတံခါးကို ပြန်ဖြတ်ခွင့် ပေးရလောက်တဲ့ အထိ မဟုတ်သေး ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတံခါးကြီးကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကပဲ ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ်လုပ်နေကြတာ” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၀ ခုနှစ်ဝန်းကျင်က ရန်ကုန်-ညောင်ဦး ခရီးသည်တင်ကားသည် သရပါတံခါးမှ ဖြတ်သန်းသွားချိန် တဖက်ယာဉ် အား ရှောင်လိုက်သဖြင့် သရပါတံခါး၏ အုတ်များအား ခြစ်သွားခဲ့သည့်ဖြစ်စဉ်မျိုးရှိခဲ့ပြီး ယနေ့ထက်ထိ သရပါတံခါးအား ယာဉ်များက ဝင်တိုက်ခြင်း၊ ပျက်စီးစေခြင်းမရှိသေးဟု ပုဂံချစ်သူများ အဖွဲ့မှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ဦးခရိုင်ကို တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ၎င်းတံခါးအား ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုခြင်း/ ကန့်သတ်ခြင်း ကိစ္စသည် ပြည်ထောင်စု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)တို့က အဓိက ကိုင်တွယ်ခြင်းဖြစ်ပြီး ဒေသခံများကကန့်ကွက်ပါက တိုင်းအစိုးရ အဖွဲ့အနေဖြင့် ခေါ်ယူဆွေးနွေးမှုများ ပြုလုပ်ရန်သာ အစီအစဉ်ရှိသည်ဟု ဧရာဝတီကို ပြောသည်။
စတုရန်ကီလိုမီတာ ၅၀ခန့်ရှိ ရှေးဟောင်း ပုဂံယဉ်ကျေးမှုဇုန်ကို ၁၉၉၆ ခုနှစ် စစ်အစိုးရလက်ထက်တွင် ကမ္ဘာ့အမွေ အနှစ် စာရင်းတင်သွင်းရန် ကြိုးစားခဲ့သေးသည် ၂၀၁၅ ခုနှစ်တွင် စတင်ပြင်ဆင်မှုများ ပြုလုပ်ပြန်ရာ အခက်အခဲမှာ ဟိုတယ်များ ဇုန်အတွင်းရှိနေခြင်းပင်ဖြစ်သည်။
လာမည့် စက်တင်ဘာလတွင် International Council on Monuments and Sites (ICOMOS)မှ ပညာရှင်များ လာရောက် စစ်ဆေးမည်ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ပုဂံ သရပါတံခါး ထိန်းသိမ်းရေး အတွက် ကားဖြတ်သန်းခွင့် ပိတ်