တောဝက်ဘောလုံးအသင်းသား ၃ ဦးနှင့် အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြ နိုင်အေကဖွန် ကျန်ထဝုန် တို့ကို ထိုင်းနိုင်ငံသားဖြစ်ခွင့် တရားဝင်လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ထိုင်းအခြေစိုက် ခေါင်စွတ် သတင်းဌာနက သတင်းဖော်ပြထားသည်။
အသင်းလက်ထောက်နည်းပြနှင့်အတူ နိုင်ငံမဲ့ဖြစ်နေကြသူ အသက် ၁၄ နှစ်ရှီ အဒူဆမ်အွန်၊ အသက် ၁၃ နှစ်ရှိ မွန်ကော ဘွန်ပီအန်နှင့် အသက် ၁၆ နှစ်ရှိ ပွန်ချိုင်ကမ်လျူအန်တို့ကို ထိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြားများကို သြဂုတ်လ ၈ ရက်နေ့က ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်မှ အစိုးရထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြောင်း သိရသည်။
ယခုနိုင်ငံသား ခွင့်ရရှိသွားသူ ၄ ဦးလုံးသည် မြန်မာနိုင်ငံ နွယ်ဖွားများဖြစ်ကြပြီး အသင်း လက်ထောက်နည်းပြ နိုင်အေကဖွန် ကျန်ထဝုန် သည် ရှမ်းတိုင်းရင်းသားဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် အဒူဆမ်အွန် ၏ မိဘများသည် ဝတိုင်းရင်းသားများ ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
မယ်ဆိုင် ဒေသခံအချို့၏ အဆိုအရ တောဝက် အသင်းသားများထဲမှ အများစုသည် မြန်မာနွယ်ဖွားများဖြစ်ကြပြီး အချို့မှာ ထိုင်းနိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိထားပြီးဖြစ်သည်ဟုဆိုသည်။
၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးနောက် မိမိအနေဖြင့် အဆိုပါ လူငယ်များ၏ လျှောက်လွှာများကို အတည်ပြုပေးလိုက်ကြောင်း ခရိုင်မှူး ဆွန်ဆတ်ကနာကန်က ပြောသည်။ နည်းပြကို နိုင်ငံသား အဖြစ်လက်ခံရာတွင် ၎င်း၏မိဘနှစ်ဦးအနက် တဦးမှာ ထိုင်းနိုင်ငံတွင်မွေးဖွားသူဖြစ်သဖြင့် ထောက်ခံပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါလူငယ်များနှင့်သူတို့၏နည်းပြကို ရေပြည့်နေသော ထမ့်လုံလိုဏ်ဂူအတွင်း ၁၇ ရက်တိုင်တိုင် ပိတ်မိခဲ့ပြီးနောက် ခဲယဉ်းစွာကယ်ထုတ်ခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဘောလုံးအသင်းသားအချို့မှာ နိုင်ငံမဲ့ဖြစ်နေကြောင်း ထိုင်းအာဏာပိုင်များ သိခဲ့ရခြင်းဖြစ်သည်။ အစိုးရက နောက်ပိုင်းတွင် ၎င်းတို့ကို ကင်းလွတ်ခွင့်ပြုရန် ကတိပေးခဲ့ပြီးဖြစ်သည်။