သတင်း

အမှိုက်ကောက်သူကို သေနတ်နှင့် ၃ ချက် ပစ်သွားသူ ဖမ်းမမိသေး

Want create site? Find Free WordPress Themes and plugins.

တာချီလိတ်မြို့ လွယ်စတုံ အမှိုက်ပုံ အနီး မြို့ရှောင်လမ်း၌ အမှိုက်ကောက်သူ တဦးအား သေနတ်နှင့် ပစ်သွားသူကို ဖမ်းမမိ သေးကြောင်း တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု က ပြောပြသည်။

ရဲမှူး သန်းနုက “ပစ်တဲ့သူတွေကို မသိရသေးဘူးဘဲ ပြောရမယ်။ အပစ်ခံရတဲ့သူတော့ အခု ကျန်းမာလာပါပြီ။ သူကလည်း ကားအပြာရောင် ဆိုတာလောက်ပဲ မှတ်မိတယ်။ ကျနော်တို့ စုံစမ်းနေတုန်းပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်ခံရသူ မျိုးကျော်(ခ) ကရင် သည် လွယ်စတုံ အမှိုက်ပုံပေါ် တဲထိုးနေထိုင်သူ ဖြစ်ပြီး အခင်းဖြစ်သည့် သြဂုတ်လ ၆ ရက် ည ၁၀ နာရီ ဝန်းကျင်၌ ကီလို (စွန့်ပစ်ပစ္စည်း/အမှိုက်) ကောက်ရန် ထွက်လာစဉ် အပြာရောင် ဖိုးဝီးယာဉ်တစီးက ကျော်တက် မောင်းနှင်သွားပြီးနောက် ပြန်ဆုတ်လာကာ အမျိုးသားတဦး ဆင်းလာ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရဲတပ်ဖွဲ့ထံ ထွက်ဆို ထားသည်။

ပစ်ခတ်ခံရမှုကြောင့် မျိုးကျော်တွင် လည်ပင်း၊ ဘယ်ပေါင်၊ ဘယ်လက်တို့၌ ကျည်ဖောက်ထွက် ဒဏ်ရာများ ရရှိခဲ့ပြီး တာချီလိတ် ပြည်သူ့ဆေးရုံတွင် ကုသလျက် ရှိကြောင်း သိရသည်။

တာချီလိတ် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှမိုးက“သေနတ်ဒဏ်ရာ ၃ ချက်က ထုတ်ချင်း ပေါက်တွေချည်းပဲ။ ဒဲ့တွေ ကြီးပဲ ပစ်သွားတာ။ အတော် ကံထူးတဲ့လူ မသေဘူး”ဟု ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် အခင်းဖြစ်နေရာမှ ကိုက်ငါးရာခန့် ဝေးသည့် ၎င်းနေအိမ်တဲသို့ သေနတ်ဒဏ်ရာများဖြင့် ပြန်လာခဲ့ခြင်းဖြစ်ပြီး မနက်မိုးလင်းမှသာ နာရေး ကူညီမှုအသင်းထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးလှမိုးက “တညလုံး ဒဏ်ရာကြီးနဲ့ပဲ ဒီအတိုင်း နေနေတာ။ မနက်ကျမှ ကျနော်တို့ကို ကူညီပေးဖို့ ဆက်သွယ်တယ်။ ကျနော်တို့လည်း အရင် သွားကြည့်တယ်။ သေချာတော့မှ ရဲကို အကြောင်းကြားပေး လိုက်တယ်” ဟု ရှင်းပြသည်။

ပစ်ခတ်ခံရသည့် နေရာမှာ တာချီလိတ်မြို့တွင်းနှင့် တမိုင်ခန့်သာ ကွာဝေးပြီး မြေကွက်များ အကွက်ရိုက်ကာ ရောင်းဝယ် သည့် နေရာဖြစ်သည့် အပြင် လူနေအိမ်နည်းကာ လူပြတ်သည့် နေရာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ယခု ပစ်ခတ်မှုသည် လူပြတ်သည့်နေရာတွင် မူးယစ်ဆေးကဲ့သို့ တရားမဝင် လုပ်ငန်းများ ဆောင်ရွက်စဉ် အချိန်မတော် ရောက်ရှိသွားသည့် အတွက် လူမှားကာ ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံတချို့က ခန့်မှန်း ပြောဆိုကြသည်။

ပစ်ခတ်ခံရသူတွင် တနှစ်ကျော်အရွယ် ကလေးတဦးနှင့် မီးဖွားကာနီး ကိုယ်ဝန်ဆောင် ဇနီးသည်လည်း ရှိကြောင်း သိရ သည်။

အခင်းဖြစ်နေရာကို စစ်ဆေးရာတွင် ကျည်ခွံ ၄ ခုနှင့် ဓားတချောင်း သိမ်းဆည်းရမိခဲ့ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၆၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရဲစခန်းမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်၊၂ ရက် ည ၇ နာရီခန့်ကလည်း အာခါဈေးလမ်းပေါ်တွင် မောင်းနှင်လာသည့် ယာဉ်အား လမ်းဘေးတွင် ရပ်နေသူမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှင်လာသူတွင် သေနတ်ဒဏ်ရာ ၃ ချက်ရရှိကာ သေဆုံးမှု ဖြစ်ပွား ခဲ့သေးကြောင်းလည်း သိရသည်။

တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ တမြို့ ဖြစ်ကာ တာချီလိတ်မြို့နယ် အတွင်း သေနတ် ပစ်ခတ်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများစုမှာ ဖမ်းမမိကြောင်း ဒေသခံများက ပြောကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading