အမျိုးသမီးများအပေါ် ကာယိန္ဒြေပျက်စီးစေသည့် လက်ရောက်ကျူးလွန်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဗေဒင်ဆရာ အောင်ချစ်ပိုသည် သာကေတ မြို့နယ်တွင် ဟောခန်း ပြန်ဖွင့်မည်ဟု ကာယကံရှင်ကိုယ်တိုင် က ဧရာဝတီသို့ ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပို က “လာမယ့် ၁၀ ရက်နေ့ မနက် ၉ နာရီသာကေတမြို့နယ်၊ တရာ့ရှစ်ထောင်ဘုရား၊ သံလျှင်ချဉ်းကပ်လမ်း၊ ဈေးဆိုင်တန်းမှာဖွင့်မယ်” ဟု ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုသည် ယခင်က စမ်းချောင်းမြို့နယ်၊ ၉ ထပ်ကြီးဘုရား၌ ဟောခန်းဖွင့်လှစ် ဟောကြားစဉ်က အမျိုးသမီး အချို့ကို ယတြာပေးမည်ဟုဆိုကာ ကာယိန္ဒြေပျက်စီးစေသော ထိပါးမှုမျိုးရှိခဲ့ကြောင်း၊ ကာယကံရှင် အမျိုးသမီးများကိုယ်တိုင်က တိုင်ကြားထားသဖြင့် စမ်းချောင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
တရားရင်ဆိုင်နေရစဉ်ကာလအတွင်း ၉ ထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို ၏ ဟောခန်းကို ဂေါပကမှ ပိတ်လိုက်သည်။ သို့သော်လည်း ဗေဒင်မေးလိုသူများ၏ တောင်းဆိုချက်ကြောင့် သာကေတမြို့နယ်တွင် ဟောခန်းဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပိုက ဆိုသည်။
သာကေတမြို့နယ်က အမျိုးသမီးတချို့ကတော့ အမျိုးသမီးများကို ကာယိန္ဒြေ ပျက်အောင်ထိပါးခဲ့မှုဖြင့် တရားစွဲခံထားရသော ဗေဒင်ဆရာ အောင်ချစ်ပို အနေဖြင့် ၎င်းတို့မြို့နယ်တွင် လာရောက်၍ ဟောခန်းဖွင့်လှစ်မည်ကို လက်မခံလိုကြောင်း ပြောသည်။
သာကေတမြို့နယ်နေ မခင်ငြိမ်းချမ်းစိုး က “ဒီနေရာမှာ ဗေဒင်ဟောခန်းလာဖွင့်မယ်ဆိုတာကို လက်မခံချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနယ်မြေမှာက အမျိုးသမီးပေါင်းများစွာ ရှိတယ်။ ပြီးတော့ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ မသိတဲ့သူလည်း အများကြီး ရှိနိုင်တယ်။ အခုမဖွင့်ရသေးရင်တော့ ကြိုတင်ကာကွယ်နိုင်တဲ့အနေအထားရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်မြေခံအာဏာပိုင်အဖွဲ့ အစည်းများအပါအဝင် အမျိုးသမီးအရေးကိစ္စ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် ဗေဒင်ဆရာ အောင်ချစ်ပို ဟောခန်းလာဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန် အလေးထား စုံစမ်းဆောင်ရွက် ပေးစေလိုသည်ဟုလည်း သူမက ဆက်ပြောသည်။
သာကေတမြို့နယ် ၁၀ ရပ်ကွက်တွင် နေထိုင်သည့် မဝေဝေ က “အမှု မပြီးသေးသမျှ ကာလပတ်လုံး ဒီနယ်မြေမှာ လာဖွင့်တယ် ဆိုတဲ့ဟာက အဓိပ္ပါယ်လည်းမရှိဘူး။ လက်ခံနိုင်စရာအကြောင်းလည်း မရှိပါဘူး။ ဘာလို့ဆိုဟောခန်းဆိုတာ ဗေဒင်ဆရာနဲ့ မေးတဲ့သူနှဦးသာရှိသင့်တဲ့ နေရာဖြစ်တယ်။ လာမေးတဲ့သူတွေကတော့ သိသင့်တာပေါ့။ ကိုယ်မေးမယ့်သူက ဘယ်လိုဆိုတာ သိထားသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုသည် တရားရင်ဆိုင်နေရဆဲ အဆင့်သာဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူ မဟုတ်သဖြင့် ဥပဒေအရ ဟောခန်းဖွင့်လှစ်ခွင့်ရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ရွှေမိုး က ဧရာဝတီသို့ ပြောသည်။
ဒေါ်ရွှေမိုး က “ဥပဒေအရတော့ သူ့မှာဖွင့်လို့ရတယ်။ သူကအပြစ်ကျတဲ့သူမှ မဖြစ်သေးတာ။ အမှုရင်ဆိုင်နေရတဲ့ အနေအထားပဲဆိုတော့ ဖွင့်ခွင့်ရှိသေးတယ်” ဟု ရှင်းပြသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုသည် ၉ ထပ်ကြီးဘုရားက ဟောခန်း ပိတ်ခံရပြီးနောက် ဗေဒင်မေးသူများကို ၎င်း၏ နေအိမ်တွင် ဟောပြောခဲ့ရပြီး ဗေဒင်မေးလိုသူများ၏ အလိုအရ သာကေတတွင် ဟောခန်းဖွင့်လှစ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဟောခန်း ဖွင့်လှစ်မည့်အပေါ် ကန့်ကွက်သူမရှိဟုဆိုသည်။
ဗေဒင်ဆရာ အောင်ချစ်ပို က “ကန့်ကွက်ရအောင် ဘာကြောင့် ကန့်ကွက်ရမှာလဲ။ ကန့်ကွက်စရာမှ မရှိတာ ဘယ်သူက ကန့်ကွက်လို့ရမှာလဲ” ဟု ဟောခန်း ဖွင့်လှစ်မည့်အပေါ် ကန့်ကွက်သူ ရှိမရှိ မေးမြန်းမှုအား တုန့်ပြန်ဖြေကြားသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ် ဆောင် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင် မှလည်း ပုဒ်မ ၃၅၄ (အမျိုးသမီး ကာအိန္ဒေြ ပျက်စီးမှု)နှင့် ပုဒ်မ (၅၀၆) (ခြိမ်းခြောက်မှု) ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဆက်စပ်ဖတ်ရှုရန် – ဗေဒင်ဆရာ အောင်ချစ်ပို အမှုကို တရားရုံးက စစ်ဆေးနေပြီ