သတင်း

ကလေးငယ်ရဲ့ အလောင်းကို မြစ်ထဲမျောပြီး ထိုင်းကို ထွက်ပြေးခဲ့တဲ့ ဖခင်

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသားတဦးဟာ သူရဲ့ သေဆုံးနေတဲ့ ကလေးငယ်ကို မြစ်ထဲမှာ မျောပြီး ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၇ လသား အရွယ်ဖြစ်ပြီး အဲဒီအမျိုးသားဟာ ကလေးအလောင်းကို ကျောပိုးအိတ်ထဲ ထည့်ပြီး သယ်ဆောင်သွားကာ မြစ်ထဲမျောခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အသက် ၃၇ နှစ် အရွယ် James Currie ထွက်ပြေးလာပြီးနောက် ထိုင်းနိုင်ငံ လေဆိပ်ကို ရောက်တာနဲ့ တပြိုက်နက် ထိုင်းအစိုးရက ထိန်းသိမ်းခဲ့တယ်လို့ နယူးယောက်ရဲဌာနမှ ဌာနမှူး စုံထောက် Dermot Shea က ပြောဆိုခဲ့ပါတယ်။

တရားခံကို ရက်အနည်းငယ်အတွင်း နယူးယောက်မြို့ကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်လာမှာ ဖြစ်ပြီး လူသတ်မှုဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးမှာ စစ်ဆေးမယ်လို့ စုံထောက် Shea က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တရားခံဟာ ကလေးငယ်ကို ဘယ်လိုသတ်ခဲ့လဲဆိုတာ မသိသေးပေမယ့် သံသယအရှိဆုံး လူအဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။ အဲဒီကလေး သေဆုံးတဲ့အမှုကို အစိုးရမှ ဖွင့်ထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့ပြီး ဖခင်ကို သံသယရှိသူအဖြစ် သတ်မှတ်ထားပါတယ်။

တရားခံဟာ ကလေးကို အသက်ရှင်လျက် တိုက်ခန်းသို့ခေါ်ဆောင်လာခဲ့ပြီး သူတိုက်ခန်းက ထွက်ခွာပြီး မက်ဟက်တန်မြို့ကို ထွက်ပြေးတဲ့ အချိန်လောက်မှာ ကလေးဟာ သေဆုံးနေပြီလို့ သိရပါတယ်။ လုံခြုံရေးကင်မရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုအရ သူဟာ သေဆုံးနေတဲ့ ကလေးကို ကျောပိုးအိတ်ထဲထည့် သယ်ဆောင်လာခဲ့ပြီး မြစ်ထဲကို ပစ်ချခဲ့ပါတယ်။

ဒီအလောင်းဟာ အိုကလာဟိုးမားမြို့က ရေစပ်မှာ သောင်တင်နေတာကို အဲဒီမြို့မှာနေထိုင်တဲ့ လင်မယားက တနင်္ဂနွေနေ့က တွေရှိခဲ့ပြီး တွေ့တွေ့ချင်း ကလေးငယ်ကို အရေးပေါ် အသက်ကယ်တဲ့ နည်းများနဲ့ ကယ်ဆယ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ကလေးငယ်ဟာ သေဆုံးနေပြီးသား ဖြစ်တယ်လို့ ဆေးရုံက အတည်ပြုခဲ့ပါတယ်။

ကလေးအလောင်းကို တွေ့ရှိချိန်မှာ အနားမှာ အုပ်ထိန်းသူ တယောက်မှ ရှိမနေခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။ ကလေးငယ်ရဲ့ မိခင်ဟာ တနင်္လာနေ့ည ၉ နာရီအချိန်မှာ ကလေးကို သူ့ဖခင်က ပြန်လည် ပို့ပေးခြင်း မရှိတဲ့အတွက် (911) ကို ဖုန်းဆက် တိုင်ကြားခဲ့တယ်လို့ သိရပြီး သူတို့နှစ်ဦးဟာ လက်ထပ်ထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။

Ref; Bangkokpost

Loading