သတင်း

စစ်တွေ ဗုံးကွဲမှု သံသယရှိသူ ၂ ဦး နယ်စပ် ဖြတ်ကျော်မှုနှင့် ထောင်ဒဏ် ချခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးခံရသူ ၂ ဦးကို တရားမဝင် နယ်စပ် ဖြတ်ကျော် မှု လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် သြဂုတ်လ ၈ ရက် ညနေပိုင်းတွင် စစ်တွေမြို့နယ် တရားရုံးက ထောင် ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမှုနှင့် ထောင်ဒဏ် ချမှတ်ခံရသည့် ရခိုင်တိုင်းရင်းသား၂ ဦးမှာ စစ်တွေမြို့၌ နေထိုင်သည့် ကိုသန်းရွှေနှင့် ကိုမောင်မြင့်ကြည် တို့ ဖြစ်သည်။

စစ်တွေ ဗုံးပေါက်ကွဲမှုတွင် သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံခဲ့ရာမှ ခိုင်လုံသည့် သက်သေများ မပေါ်ပေါက်ကြောင်း၊ ထပ်မံ၍ နယ်စပ်ဖြတ်ကျော်သည့် အမှုတခုကို ရှာဖွေကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြစ်ဒဏ် ချမှတ်ခံရသူ များက ပြောပြသည်။

ကိုသန်းရွှေက“ပေါက်ကွဲမှုနဲ့ ဖမ်းပြီးတော့ တောက်လျှောက် စစ်ဆေးတယ်။ တခု မဟုတ်၊ တခု ပြောရမယ် မပြောပြော အောင် စစ်တယ်။ ပြောစရာ မရှိရင် မိန်းမယူတဲ့ အကြောင်းကိုပြော အဲဒီလိုတောင် ပြောသေးတယ်။ ထွက်ဆိုချက်မှာ နယ်စပ်ကို သွားဖူးတယ်ဆိုပြီး ပြောခိုင်းတယ်။ ဒီအမှုနဲ့ ဘာမှမဆိုင်ဘူး။ ပေါက်ကွဲမှုက အဓိကပဲ။ အဲဒီလို အတင်းပြော ခိုင်းပြီး သိမ်းသွင်းပါတယ်။ မဖြစ်မနေ ပြောခိုင်းပြီး လက်မှတ်ထိုးခိုင်း တယ်။ ပြီးရင် တရားစွဲတယ်။ ထောင် ၆ လချ လိုက်တယ်”ဟု တရားရုံးကအပြန် သတင်း မီဒီယာများသို့ ပြောသည်။

စစ်တွေမြို့၌ ယခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်က ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ အပါအဝင် ပြည်နယ် အုပ်ချုပ်ရေး မှူးအိမ်နှင့် မြေစာရင်းရုံးရှေ့တို့တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ဒေသခံ ၉ ဦးတို့ကို ရဲတပ်ဖွဲ့က သံသ ယဖြင့် ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဒေသခံ တိုင်းရင်းသား ၉ ဦးကို သံသယဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ရာတွင် ချုပ်ရမန် ရက်ပေါင်း ၃၀ ပြည့်သည့် အခါ တရားစွဲတင်ရန် ခိုင်လုံသော သက်သေ အထောက်အထား မရရှိသည့် အတွက် ၅ ဦးကို မတ်လ ၂၆ ရက်က ပြန်လွှတ်ပေးလိုက်သည်။

သို့သော် ကျန်ဒေသခံ ကိုမောင်မြင့်ကြည်နှင့် ကိုသန်းရွှေ အပါအဝင် ၄ ဦး ကိုမူ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် လဝက ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့်၂ ဦး၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြင့်၂ ဦး စသည့်ဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက အသီးသီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဗုံးပေါက်ကွဲမှုနှင့် သံသယရှိ၍ ဖမ်းဆီး စစ်ဆေးခဲ့သည်မှာ မှန် ကန် သော်လည်း စစ်ဆေး ပေါ်ပေါက်ချက်များ အရ ငြိစွန်းသူများကို အချက်အလက်၊ အထောက်အထားများဖြင့် တရားစွဲ တင်ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ရဲမှူးကြီး အောင်မြတ်မိုးက “ကျနော်တို့ စတင် ဖမ်းဆီးစဉ်တုန်းကတော့ မသင်္ကာဖွယ် သူတို့ ၂ ယောက်တင် မဟုတ် ပါ ဘူး။ ဖမ်းတာ အားလုံး ၉ ယောက် ရှိပါတယ်။ အဲဒီလို ဖမ်းဆီးပြီး စိစစ်တယ်။ စိစစ် တွေ့ရှိချက်တွေနဲ့ ငြိစွန်းတဲ့ သူ တွေကို ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ် ဖြတ်ကျော်တာရော၊ ဗုံးကွဲမှုနဲ့ ပတ်သက်တာရော စွဲတင်တာပေါ့။ ဆုံး ဖြတ်တဲ့ အပိုင်းကတော့ တရားရုံး အပိုင်း ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံး၊ လုပ်နည်း အတိုင်းပဲ ဆောက်ရွက်ပါတယ်” ဟု ရှင်းပြသည်။

ထောင်ဒဏ် ချမှတ်ခံရသူ ကိုမောင်မြင့်ကြည်က “နေ့လည်း မအိပ်ရဘူး၊ ညလည်း မအိပ်ရဘူး။ မတရား စစ်ခံရတော့ ကြာရင် မခံနိုင်တော့ဘူး။ ဗုံးပေါက်တဲ့ ကိစ္စကို မသိရင် တခုခု ပြောခိုင်းတယ်။ မပြောရင် ပြစ်ဒဏ်ခံရမယ့် သဘောမျိုး ပြောပြီး အမှုနဲ့မဆိုင်တဲ့ အကြောင်းတွေကို ထွက်ဆိုခိုင်းတယ်”ဟု တရားရုံးမှ ပြန်ထွက်လာစဉ် ပြောဆိုသွားသည်။

လက်ရှိ အချိန်တွင် တရားမဝင် နယ်စပ်ဖြတ်မှုနှင့် ကိုသန်းရွှေ၊ ကိုမောင်မြင့်ကြည်တို့ ၂ ဦးတို့မှာ ထောင်ဒဏ် ၆ လစီ ချ မှတ်ခံလိုက်ရပြီး ဖြစ်သည့်အတွက် ကျန်အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး တရားစွဲခံနေရသည့် ဒေသခံ ၂ ဦးမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading