အဆိုတော် အစ္စဏီရဲ့ အမှုမှာ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ဘက်မှ လက်ရှိ ရုံးထုတ် စစ်ဆေးလျက်ရှိတဲ့ တာမွေမြို့နယ်တရားရုံးမှာ စစ်ဆေးဆောင်ရွက်ရခြင်းမှာ လုံခြုံမှု မရှိသည့်အတွက် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးပြောင်းလျှောက်ထားခဲ့ခြင်းကို ယနေ့ သြဂုတ်လ ၉ ရက်နေ့မှာ ခရိုင်ရုံးမှ ပယ်ချခဲ့ပါတယ်။
အဆိုပါ ရုံးပြောင်း လျှောက်ထားမှုမှာတော့ တရားလိုဘက်မှ လာရောက်ကြားနာခြင်း မရှိခဲ့ဘဲ အရှေ့ပိုင်း ခရိုင်တရားရုံးမှ မူလစစ်ဆေးခဲ့တဲ့ တာမွေမြို့နယ် တရားရုံးမှာပင် ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။
“ခရိုင်ရုံးကနေပြီး မူလတာမွေမြို့နယ် တရားရုံးကို ပြန်ချပေးပါတယ်။ ရုံးပြောင်းခြင်း မရှိပါဘူး။ လျှောက်ထားသူ စူးရှထက်ရဲ့ လျှောက်ထားမှုကို ပယ်ခဲ့ပါတယ်။ သူလျှောက်ထားတာတွေဟာ မမှန်တဲ့ အတွက် သုံးသပ်ပြီးတော့ ပယ်ခဲ့ပါတယ်။ အမှုရှည်ကြာသွားမယ်ဆိုတာက တရားလိုဘက်က အရေးကြီးတာပဲ။ စွပ်စွဲခံရသူဘက်ကတော့ ဥပဒေနဲ့အညီမြန်မြန်နဲ့ မှန်မှန်စီရင်အောင် ရုံးတော်ကို ကူညီမယ် ထောက်ပံ့မယ် ဆောင်ရွက်မယ်။ ဒါပေမယ့်တရားလိုဘက်ပေါ်မှာပဲ မူတည်ပြီး ပြောရမလို ဖြစ်နေပြီ” လို့ အဆိုတော် အစ္စဏီရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
တာမွေမြို့နယ်တရားရုံးမှာ ၁၂ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၃ ရက်နေ့မှာချိန်းဆိုခဲ့ပြီး အမှုတိုးတက်ရာ၊ တိုးတက်ကြောင်းအတွက် ဆက်လက် စစ်ဆေးနိုင်မှာ မဟုတ်ဘဲ စွပ်စွဲခံရသူဘက်မှ တရားရုံးကို တင်ထားသော Cele 7 မှ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်ကို အမှုတွဲ ယူသွားတဲ့အတွက် လာမယ့် ရုံးချိန်းများမှာ အမှုကို ဆက်လက်စစ်ဆေးနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
“တာမွေတရားရုံးမှာကတော့ ချိန်းနေကျအတိုင်း အခုလာမယ့် ၁၃ ရက်နေ့ကို ပြန်ချိန်းထားပါတယ်။ ဒါပေမယ့် အမှုတိုးတက်ရာ၊ တိုးတက်ကြောင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် တရားလိုဘက်က Cele 7 က ဗီဒီယိုကိစ္စကို ခရိုင်တရားရုံး တက်တယ်။ ခရိုင်တရားရုံးက အကျဉ်းနည်းနဲ့ ပလပ်တယ်”
“အဲဒါကိုမကျေနပ်လို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တက်ရောက်ထားတယ်။ တိုင်းဒေသကြီး လွှတ်တော်က ဒီမူလအမှုတွဲကို ယူထားတဲ့အတွက် ဆက်လက်စစ်ဆေးဖို့မဖြစ်နိုင်တဲ့အတွက် စစ်ဆေးမှာလည်း မဟုတ်တဲ့အတွက် အမှုကတော့ ရုံးချိန်းနဲ့ ဆက်သွားနေမယ်” လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ကိစ္စနဲ့ ပတ်သက်ပြီးတိုင်းဒေသကြီးလွှတ်တော်မှာတော့ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာမှာ ဖြစ်ပြီး သင့်တော်တဲ့ အမိန့်တခုကို ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။
စွပ်စွဲခံရသူ အဆိုတော် အစ္စဏီအနေနဲ့ အမှုကြန့်ကြာနေတဲ့အပေါ်မှာ ကျန်းမာရေးအခြေအနေ ဆိုးရွားစွာနဲ့ တရားဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိမှာတော့ နှလုံးအဆို့ရှင် ကျယ်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
“ကျနော့် အမှုသည်ကတော့ ဆက်ပြီး ကျန်းမာရေး ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်ရမယ်။ ကျနော့် အမှုသည်က ဘာလုပ်လို့ပြောရမလဲဆိုရင် ဆေးကုလို့ပဲ ပြောရမယ်။ နှလုံးအဆို့ရှင် ကျယ်နေတယ်။ သူ့ဘာသူ ဆေးဝါးကုသလို့ပဲ ပြောရမယ်။ အချုပ်ထဲမှာ ရှိတဲ့အတွက် အချုပ်ထဲမှာကုလို့ပဲ ပြောရမယ်” လို့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အဆိုတော် အစ္စဏီကိုတော့ ရည်စားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ မုဒိမ်းမှု အပါအဝင် ဥပဒေ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားပြီး လက်ရှိအချိန်မှာတော့ တရားရုံးချိန်းပေါင်း ၁၁ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “အချုပ်ထဲမှာ အစ္စဏီ နေမကောင်းတာ ၃ ပတ်လောက် ရှိနေပါပြီ”