သတင်း

အစိုးရကို ချစ်ခင်လေးစားပါက ဝေဖန်ထောက်ပြရန် ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအား အမှန်တကယ် ချစ်ခင်လေးစားပါက မမှန်ကန်သည်များ လုပ်နေခြင်း မျိုး ကို မထောက်ခံသင့်ဘဲ မမှန်ကြောင်း ဝေဖန် ထောက်ပြသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။

ယနေ့ မကွေးတိုင်း ပခုက္ကူမြို့နယ် ချောက်ကန် ကျေးရွာ၌ ပြုလုပ်သည့် ဒေသခံ ပြည်သူများ စကားဝိုင်းတွင် ပခုက္ကူ တက္က သိုလ်မှ ကျောင်းသူ တဦးဖြစ်သူ မခိုင်သဇင်အောင်၏ ဆွေးနွေးချက်ကို ပြန်လည် ဖြေကြားစဉ် ၎င်းက အထက်ပါ အတိုင်း ပြောခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် က“ကျမတို့ အစိုးရကို တကယ်ပဲ ချစ်ခင်လေးစားရင် မမှန်တာကို လုပ်နေလို့ ရှိရင် မထောက်ခံ သင့် ဘူး။ မမှန်တာကို လုပ်နေရင် မမှန်ပါဘူး ဆိုတာကို ထောက်ပြသင့်တယ်”ဟု ပြောသည်။

ခေါင်းဆောင် လုပ်နေသည့်အလုပ် မမှန်မှန်းသိသော်လည်း လိုက်လုပ်နေခြင်းသည် မှန်ကန်သည့်လုပ်ရပ် မဟုတ်ကြောင်း၊ သို့သော် မလွန်ဆန်နိုင်ဘဲ လုပ်နေကြခြင်းမျိုး ရှိကြောင်း၊ ထို့ကြောင့် အစိုးရကို ထိန်းထားနိုင်သည့် ပြည်သူများ ဖြစ်လာစေ ရန် ဗဟုသုတ ကြွယ်ဝရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“ဒါပေမယ့်လည်း တချို့ကျတော့ ကျမတို့ ပြည်သူတွေ အသိပဲ။ ကျမတို့ အစိုးရ ဘာလုပ်လုပ် စောင့်ကြည့်ပြီးတော့ အပြစ် ရှာမယ့် လူမျိုးလည်း ရှိတယ်။ အဲဒီဟာက နိုင်ငံအပေါ်မှာ စေတနာ ရှိလို့တော့ မဟုတ်ဘူး။ သူတို့ အပေါ်မှာပဲ သူတို့ စေတနာ ရှိလို့ပဲ ဒီလိုပဲ သတ်မှတ်ရမှာပဲ”ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို ဝေဖန်ထောက်ပြရန် ပြောဆိုနေသော်လည်း လက်တွေ့၌ ငါးမင်းဆွေကဲ့သို့ ပြင်းပြင်း ထန်ထန် ထောက်ပြသူများကို အရေးယူခြင်းမျိုး တွေ့နေရကြောင်း၊ ၎င်းတို့ပါတီ အနေဖြင့်လည်း ဥပဒေနှင့် အညီ ထောက် ပြ ဝေဖန်မှုများ လုပ်နေကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိူးရေး ပါတီ(USDP) က ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

“ကျနော်တို့က တချက်မှားရင် တချက်ထောက်မယ်။ ၂ ချက်မှားရင် ၂ ချက် ထောက်မယ်။ ဒီနေရာမှာ ပြင်းထန်တာ ရှိနိုင် သလို ညင်သာတာလည်း ရှိမယ်။ ကျနော်တို့ရဲ့ အမျိုးသားရေးကို ရှေးရှုပြီးတော့ ထောက်ပြမှုတွေကိုမှ လုပ်သမျှကို အကောင်း မမြင်ဘူးလို့ ပြောတယ်ဆိုရင် ထိုသူတွေမျိုးကို တကယ်ချစ်ရဲ့လားလို့ ကျနော် မေးခွန်းထုတ်ဖူးပါတယ်”ဟု ၎င်းက ပြောသည်။

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က နိုင်ငံရေး၌ တချို့သူများက လုပ်ရပ်ကို ကြည့်၍ အားပေးကြသလို တချို့လည်း ပုဂ္ဂိုလ်စွဲကို ကြည့်ပြီး အားပေးခြင်းမျိုးရှိရာ ၎င်းတို့က ပုဂ္ဂိုလ်စွဲဖြင့် မထောက်ခံသင့်ဟု မပြော သင့်ကြောင်း၊ နိုင်ငံတကာတွင်လည်း သမ္မတ တဦးဦးကို မဲပေးကြသော်လည်း ယင်းသမ္မတ ဘာလုပ်သလဲ ဆိုသည်ကို အများစုက မသိမှုများ ရှိကြောင်း ဆိုသည်။

“သာမန် ပြည်သူ တယောက်က ထောက်ပြဖို့ ဆိုတာလည်း ဘယ်နားသွား ထောက်ပြရမှာလဲ။ Facebook မှာ ရေးမှာလား။ ဒါထက် တတ်ရင် ဂျာနယ်မှာ တက်ရေးပေါ့။ ဒီလောက်ပဲ ရမယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေတောင် လူ ၆၀၀ ကျော်နဲ့ ဝိုင်းပြီးတော့ အလုပ်လုပ်ရတဲ့ အခါ ထောက်ပြတယ် ဆိုသောကိစ္စမှာ ပြောခွင့်ရှိတယ်။ ထောက်ပြခွင့်တော့ ရှိတယ်။ အဆုံးအဖြတ်ပေးတဲ့ အပိုင်းမှာတော့ အဖွဲ့နဲ့ သွားနေတဲ့ သဘောရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသူ မခိုင်သဇင်အောင် ထောက်ပြသည့် ခေါင်းဆောင်များ မလုပ်၍ ငြိမ်းချမ်းရေး မရ ဆိုသည့် အချက်ကို လက်ခံကြောင်း ပြောဆိုပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ခေါင်းဆောင်များကို ရွေးကောက်ပွဲဖြင့် ဖယ်ရှားခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒါဟာ ဒီမိုကရေစီ စနစ်ရဲ့ အဓိက အားသာချက်ပဲ။ ကိုယ့်ရဲ့နိုင်ငံ ပြောင်းလဲသင့်တယ်လို့ ထင်ရင် ပြည်သူလူထုကနေ ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲပေးပိုင်ခွင့် ပြည်သူလူထုမှာ ရှိတယ်။ ဒါကြောင့် ကျမတို့က ဒီမိုကရေစီကို ဦးတည် ပြီးတော့ ဒီမိုကရေစီ အပြည့်အဝရအောင် ကြိုးစားနေတာ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ ချောက်ကန် ကျေးရွာတွင် ပြုလုပ်သည့် စကားဝိုင်း ပုံစံမျိုးကို စာပေစကားဝိုင်း အဖြစ် သြဂုတ်လ ၁၁ ရက်တွင် မန္တလေးမြို့ လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ လူငယ်များ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading