စစ်ပွဲ အလိုမရှိကြောင်း ပြဇာတ်ကသည့် ကျောင်းသားများ အမှု၌ မြို့နယ် တရားရုံးက ချမှတ်သော ပြစ်ဒဏ်ကို မကျေနပ် သည့် အတွက် တရားလိုဘက်က ပြင်ဆင်ချက် တက်ရာ၌ ပုသိမ်ခရိုင် တရားရုံးက သြဂုတ်လ ၇ ရက်တွင် ပလပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ပုသိမ် ဟိုတယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထား ဆွေးနွေးပွဲ၌ ကျောင်း သားများ ကပြခဲ့သည့် ပြဇာတ်၏ ဇာတ်ဝင်ခန်း တချို့သည် တပ်မတော်သား မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေ သည်ဟု ဆိုကာ တပ်မတော် ကိုယ်စား ဒုဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုလုပ်၍ ကျောင်းသား ၉ ဦးကို ပုသိမ် မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ (အသရေဖျက်မှု)ဖြင့် တရားစွဲဆိုခဲ့ရာ ယခုနှစ် ဧပြီလက ကျောင်းသားများကို ငွေဒဏ်များ ချမှတ်ခဲ့သည်။
အဆိုပါ ပြစ်ဒဏ်အပေါ် ကျေနပ်မှု မရှိသည့်အတွက် တပ်မတော် ကိုယ်စား နိုင်ငံတော်က ပုသိမ်ခရိုင် တရားရုံးသို့ ပြင်ဆင် မှု တက်ရောက်ခဲ့ရာ ပုသိမ်မြို့နယ် တရားရုံးက ချမှတ်သည့် အမိန့်ကို ဆက်လက် အတည်ပြုပြီး လျှောက်ထားသည့် ပြင်ဆင်မှု ကို ပလပ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသားများဘက်မှ ရှေ့နေက ပြောပြသည်။
ကျောင်းသားများ ဘက်မှ ဥပဒေ အကျိုးဆောင် အဖြစ် အခမဲ့ လိုက်ပါဆောင်ရွက်သူ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရား လွှတ်တော်ရှေ့နေ ဦးတင်အောင်ထွဋ် က“ပုဒ်မ ၅၀၀ အမှုနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင်ရုံးကို ပြင်ဆင်မှုတက်တဲ့ နေ ရာမှာ နစ်နာသူ ကိုယ်တိုင် တက်လာတာ မတွေ့ရဘူး။ တပ်မတော် ကိုယ်စား နိုင်ငံတော်က ပြင်ဆင်မှု တက်လာတာ တွေ့ ရတယ်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “ဒါဟာ တရားဥပဒေ စိုးမိုးရေးကို တစုံတယောက်က လွှမ်းမိုးနေသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒီအပေါ်မှာ ပုသိမ်ခရိုင် တရားရုံးတော် အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး။ တပ်မတော်လည်း မရှိဘူး၊ ဘယ်အာဏာပိုင် အဖွဲ့မှ မရှိဘူးဆိုတာကို ပြသတဲ့ ဆုံးဖြတ်ချက်ကို ချမှတ် ခဲ့တယ်လို့ မြင်ပါတယ်”ဟုလည်း ပြောဆိုသည်။
အဆိုပါ ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထား ဆွေးနွေးပွဲ၌ ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲ ထောက်ခံသူများ အား အောက်ဆီဂျင် အမည်ရှိ သတင်းဌာနမှ အင်တာဗျူး မေးမြန်းသည့် ပုံစံဖြင့် တင်ဆက် ကပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြဇာတ်နှင့် ပတ်သက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒု ဗိုလ်မှုးကြီး အောင်မျိုးခိုင်က ကျောင်းသား ၉ ဦး ကို ပုသိမ်မြို့နယ် တရားရုံးတွင် အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းပြဇာတ်ကို Facebook တွင် တိုက်ရိုက် လွှင့်တင်ခဲ့သူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦး ကိုလည်း ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။
အမှုအား ပုသိမ်မြို့နယ် တရားရုံးတွင် ၄ လခန့် ကြားနာ စစ်ဆေးပြီးချိန်တွင် ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြဇာတ်တွင် အဓိက သရုပ်ဆောင်သူ၂ ဦး ဖြစ်သည့် ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက် တို့ကိုသာ အသရေဖျက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ကျန် ကျောင်းသား ၇ ဦးကို အမှုမှ တရားရှင် လွှတ်ပေးကြောင်း ဆုံးဖြတ်ခဲ့ရာ တပ်မတော်ဘက်မှ ပုသိမ် ခရိုင် တရားရုံးသို့ အယူခံ တက်ရောက်ခဲ့ကြောင်း သိရသည်။
အယူခံအား ပုသိမ်ခရိုင် တရားရုံးတွင် ကြားနာ စစ်ဆေးပြီးနောက် ခရိုင်တရားသူကြီးက ပုသိမ်မြို့နယ် တရားရုံး၏ တရား ရှင်လွှတ်သည့် အမိန့်ကို ပယ်ဖျက်ခဲ့သဖြင့် ၎င်းအမှုအား ပုသိမ်မြို့နယ် တရားရုံးတွင် ဒုတိယ အကြိမ် ပြန်လည်ကြားနာ စစ် ဆေးကာ ကျောင်းသားများအား ယခုနှစ် ဧပြီလ အတွင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုခြင်း ခံခဲ့ရသူ ကျောင်းသား ကိုအောင်မျိုးမင်းက “ပြင်ဆင်မှု လျှောက်ထားချက်မှာတော့ ကျနော်တို့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ချမှတ်တဲ့ ပြစ်ဒဏ်က မမျှတဘူးဆိုပြီး ပုသိမ်ခရိုင် တရားရုံးကို လျှောက်ထားတာပါ။ ဒါပေမယ့် ခရိုင်တရားသူကြီးက အမိန့်ချရာမှာ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တွေဖြစ်တာရယ်၊ အမှားတွေကို အကောင်းဆုံး ပြင်ဆင်နိုင်အောင် အခွင့်အရေး ပေးတဲ့အနေနဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားပြီး ဖြစ်တယ်ဆိုပြီး တဖက်က လျှောက်ထားတဲ့ ပြင်ဆင်မှုကို ပလပ်လိုက်တာ ဖြစ်ပါ တယ်။ ပုသိမ်ခရိုင် တရားရုံးရဲ့အမိန့်က တရားမျှတမှုရှိတဲ့အတွက် ကျနော်တို့ ကျေနပ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့နယ် တရားသူကြီးက ကျောင်းသားများ အနက် ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက် တို့ကို ဒဏ်ငွေ ၅ သောင်း ကျပ်စီ ချမှတ်ခဲ့ကာ ကိုထက်ပိုင်ဖြိုးပါ ကျောင်းသား ၆ ဦးကို ဒဏ်ငွေ ၃ သောင်းကျပ်စီ ချမှတ်ခဲ့ပြီး တရားရင်ဆိုင်ရန် ပျက် ကွက်ခဲ့သည့် ကျောင်းသား မျိုးကိုကိုအား ရာဇဝတ် ကျင့်ထုံး ပုဒ်မ ၅၀၀/၁၂ ဖြင့် တရားခံပြေး ကြေညာသည့် အမိန့်ကို ချမှတ် ခဲ့သည်။
တပ်မတော် ကိုယ်စား ဒု ဗိုလ်မှုးကြီး အောင်မျိုးခိုင်က တရားလိုပြုလုပ်၍ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့သည့် လူ့အခွင့် အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ်တရားရုံးက ယခုနှစ် ဇွန်လတွင် ထောင်ဒဏ် ၃ လချမှတ်ခဲ့ရာ ဦးထွန်း ထွန်းဦးမှာ ပုသိမ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် ယခုလ ပထမပတ် အတွင်းက ပုသိမ် အကျဉ်းထောင်မှ ပြန် လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။