တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုများအား တိုးမြှင့်ခန့်ထားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပခုက္ကူမြို့ ၊ ချောက်ကန်ကျေးရွာ၌ ယနေ့ပြုလုပ်ခဲ့သည့် ငြိမ်းချမ်း ရေးစကားဝိုင်းတွင် ကတိပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၎င်းစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးကျော်နိုင်၏ ဆွေးနွေး ချက်အပေါ် ဒေါက်တာ မြင့်ထွေက ပြန်လည်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆရာဝန်၊ သူနာပြုများ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ယခုနှစ်အတွင် ဆရာဝန်ဦးရေ နှစ်ထောင်အား ခန့်အပ်သွားရန် သဘော တူညီမှု ရရှိထားပြီဖြစ်သကဲ့သို့ သူနာပြုများ အနေဖြင့်လည်း နှစ်စဉ် ၁၈၀၀ ဦးရေသာ ခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ၃၆၀၀ ဦးရေ ခေါ်ယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဒေါက်တာမြင့်ထွေး က “ ဆရာဝန်တွေခန့်မှာကို လျှောက်ကြစေချင်ပါတယ်၊ ၂ နှစ်၊ ၃ နှစ်ခန့် တိုင်းပြည်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဝင်စေချင်ကြပါတယ်” ဟု တိုက်တွန်းခဲ့သည်။
စကားဝိုင်းတွင် ကုတင် ၂၀၀ ဆံ့ ပခုက္ကူဆေးရုံးနှင့်ပတ်သက်၍ လူနာဦးရေနှင့် ဆေးရုံအကျယ်အဝန်းမမျှတခြင်း၊ ဆရာဝန်၊ သူနာပြုအင်အား လိုအပ်မှုရှိခြင်း၊ သူနာပြုများနှင့် လူနာရှင်များအကြား ဆက်ဆံအခြေအနေများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးသူ ဦးကျော်နိုင်က တင်ပြဆွေးနွေးခဲ့ပြီး ဆေးရုံးတိုးချဲ့ဆောက်လုပ်ရေးအတွက်လည်း တင်ပြတောင်းဆိုခဲ့သည်။
ဒေသအသီးသီးရှိ ဆေးရုံးများတိုးချဲ့ရေး၊ ကုတင်တိုးရေးတို့နှင့် ပတ်သက်၍ သေချာစွာစိစစ်ပြီး အရမ်းလိုအပ်သည့် အခြေအနေမှသာ အသစ်တည်ဆောက်ရေးကို လုပ်ဆောင်မည်ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ ခန့်အပ်နိုင်ရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။
အစိုးရထံအလုပ်လျှောက်ထားမည့် ဆရာဝန်များအား ဆွဲဆောင်မှုတရပ်အနေဖြင့် ဘွဲ့လွန်များခေါ်ယူမှုကိုလည်း အစိုးရအနေဖြင့် တိုးမြှင့်ခေါ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်း အိမ်ရာများအနေဖြင့်လည်း ယခု ၂၀၁၈-၁၉ ခုနှစ်ဘက်ဂျက်တွင် ကျပ် ၂၆၃ ဘီလီယံကို အောက်တိုဘာလတွင် ဘက်ဂျက်ရရှိသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ စီမံမှုဖြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးခဲ့သည်။