အနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် အိမ်အကူ မကရင်မကို တွံတေးမြို့နယ်၊ အုပ္ဖိုလ်ကျေးရွာသို့ လာရောက် ပို့ဆောင် ခဲ့သူသည် တရားခွင် အတွင်း ရှိနေသော သံသယရှိသူ အမျိုးသမီးပင် ဖြစ်ကြောင်း တရားလိုပြ သက်သေက အတည်ပြု ထွက်ဆိုသည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယရှိသူ ဒေါ်သိင်္ဂီစုကို သြဂုတ်လ ၉ ရက်တွင် သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ခြင်း ဖြစ်ကာ တရားခွင်၌ တရားသူကြီးက စစ်ဆေး မေးမြန်းရာတွင် တရားလိုပြ သက်သေ တဦး ဖြစ်သည့် မနီလာဝင်း က ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ယခု ရုံးချိန်းတွင် တရားလိုပြ သက်သေ မနီလာဝင်း နှင့် မစန္ဒာထွေး တို့ ၂ ဦးကို စစ်ဆေး မေးမြန်းခြင်း ဖြစ်သည်။
ရုံးထုတ်သည့် အကြိမ်တိုင်း၌ သံသယရှိသူ ဒေါ်သိင်္ဂီစုသည် မျက်နှာအား အကာအကွယ်များဖြင့် ဖုံးကွယ်ထားခြင်း၊ ဦးထုပ် ဆောင်းထားခြင်း၊ ယပ်တောင်ဖြင့် ကွယ်ထားခြင်းနှင့် ခေါင်းစွတ်ပါ အပေါ်ထပ် မိုးကာအင်္ကျီတို့ကို ဝတ်ဆင်ထားခြင်း တို့ ကြောင့် သံသယရှိသူ အမျိုးသမီးအား လူစားထိုးထားခြင်း ရှိ၊ မရှိ ကို ပြည်သူများကြား၌ ဝေဖန်ချက်များ ထွက်ပေါ်ခဲ့သည်။
တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က“သက်သေတွေကို စစ်တော့ လာပို့တဲ့ အမျိုးသမီးငယ်က အခု ရုံးရှေ့မှာရှိတဲ့ လူလား ကြည့်လိုက်ပါဦး ဆိုတော့ ဟုတ်ပါတယ် ရုံးရှေ့မှာ ရှိတဲ့လူ မှန်ပါတယ်လို့ ထွက်ဆိုသွားတယ်”ဟု ပြောသည်။
တရားလိုပြ သက်သေ တဦးဖြစ်သည့် အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးထွန်းကြိုင်ကို ဇူလိုင်လ ၁၈ ရက်က ရုံးချိန်းတွင်လည်း ဥပဒေ အရာရှိက မကရင်မအား ရွာသို့လာရောက် ပို့ဆောင်ခဲ့သူနှင့် ယခု တရားခွင်တွင် ရောက်ရှိနေသည့် သူသည် တူ၊ မတူကို တရားလိုပြ သက်သေအား စစ်ဆေးခဲ့ရာတွင် အတူတူပင် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ဖူးသည်။
ဆက်လက်၍ ဒေါ်စန်းစန်းမြင့်က “လူစားထိုးတာတော့ လုံးဝ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်သိင်္ဂီစု အမေ ကိုယ် တိုင်လည်း ပါလာတယ်။ သူရဲ့ခင်ပွန်း ဗိုလ်ကြီး ဆိုတာလည်း ပါလာတယ်။ တရားခွင် ထုတ်လာတော့လည်း တရားခွင်ရှေ့ မှာ သူတို့ရှိတယ်။ တရားခွင်က ပြန်ထုတ်သွားတော့လည်း တရားခွင်ကနေ အချုပ်ခန်းထဲ အထိ လိုက်သွားတယ်။ စစ်နေတဲ့ အချိန်မှာလည်း စောင့်ကြည့်နေတယ်။ အဲဒီ အချက်တွေ စုလိုက်ရင်ပေါ့”ဟု ပြောဆိုသည်။
ဆေးစစ်ချက်များအရ ခန္ဓာကိုယ်တွင် ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် အိမ်အကူ မကရင်မ အမှု၌ တရားခံ ဟု ယူဆရသူ တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။
အဆိုပါ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားပြီး တရားလို အပါအဝင် တရားလိုပြ သက်သေ ၈ ဦး စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် အိမ် အကူ အဖြစ် လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယရှိသူ အဖြစ် အရာရှိ ကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။