“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အစိုးရနှင့် ငြိမ်းချမ်းရေးရယူမှု နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အခမ်း အနား အတွက် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့ဆယ်မြို့မှ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသား၊ အမျိုးသမီး ၅၀၀ ခန့်ကို ဆင့်ခေါ်ထားကြောင်းသိရသည်။
ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၁၇ မှ ကျင်းပမည်ဖြစ်သော်လည်း ထိုအခမ်းအနား၌ စစ်ရေးပြခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ရိုးရာယဉ်ကျေးမှုများကပြဖျော်ဖြေခြင်း စသည့် အခန်းကဏ္ဍများအတွက် ၉ လကြာ စခန်းသွင်းလေ့ကျင့် ထားရန် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။
ဦးညီရမ်းက “ဟုတ်ပါတယ်၊ ကျနော်တို့ ဒီငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော်အတွက်ပေါ့၊ ရိုးရာယဉ်ကျေးမှု၊ အဆိုအက၊ အတီး၊ စစ်ရေးပြ၊ မိန်းကလေးရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ တမြို့နယ်ကိုအယောက် ၄၀-၅၀ အဲလိုမျိုး ခေါ်တယ်။ ယောကျ်ားရော၊ မိန်းမရော အသက် ၂၀ ဝန်းကျင် ကျနော်တို့ ခေါ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆ (စ)တွင် ရှမ်းပြည်နယ်ရှိဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကိုခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
အဆိုပါ ခြောက်မြို့နယ်အပါအဝင် မိုင်းတုံမြို့နယ်၊ ဟိုသောက်မြို့နယ်၊ မိုင်းပေါက်မြို့နယ်၊ လုံထန်မြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများကိုလည်း UWSA က နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတော်တွင် ပါဝင်ကြရန် ဇူလိုင်လကစတင်၍ ဆင့်ခေါ်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ဆင့်ခေါ်ရာတွင် ဝ လူမျိုးများသီးသန့် ခေါ်ယူခြင်းမဟုတ်ဘဲ ဝ ဒေသအတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုး ၁၇ မျိုးလုံးပါဝင်နိုင်ရေး ခေါ်ယူနေကြောင်း ဦးညီရမ်းက ပြောသည်။
သို့သော်လည်း UWSA တောင်ပိုင်းဒေသ ၁၇၁ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်သည့် မိုင်းတုံမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးစန်းဝင်းအောင် ပြောပြချက်နှင့် UWSA ပြောပြချက်ကွဲလွဲ နေသည်။
ဦးစန်းဝင်းအောင် က “ကျနော် ဝဒေသ ပြင်ပဆက်ဆံရေး တာဝန်ခံကို မေးလိုက်တော့ “ဝ” အဖွဲ့က တခြား တိုင်းရင်းသားတွေကို ကောက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာရှမ်း၊ လားဟူ၊ လီရှော (လီဆူ) ရှိတယ်လေ၊ အဲဒါတွေတော့ သူတို့ သွားထိလို့ မရဘူး။ ဝ က သူ့လူမျိုးပဲ သူကောက်တာ ယောကျာ်းလေးရော၊ မိန်းကလေးရောကောက်တာ” ဟု ပြောသည်။
မိုင်းတုံမြို့နယ်အတွင်းတွင် ရှမ်းရွာများ၊ လားဟူရွာများ၊ လီရှောရွာများ၊ ဝရွာများစသဖြင့် သီးသန့်ဆီ ဖြစ်နေပြီး “ဝ” ရွာများရှိ ကလေးငယ်များကို အသက် ၁၈ နှစ်ပြည့်ပါကစစ်မှု မထမ်းမနေရ ပြဌာန်း၍ UWSA က ခေါ်လေ့ရှိသည့်အတွက် သူတို့အတွက် မထူးဆန်းတော့ဟုဆိုသည်။
ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ် အတွင်းတွင် UWSA မှ ဆင့်ခေါ်ခြင်း မရှိကြောင်း ဆင့်ခေါ်ပါကလည်း သွားရောက်ရန် မရှိကြောင်း ဒေသခံများကပြောသည်။
UWSA မှ ဆင့်ခေါ်မည့်သတင်းကို ကြိုတင်ရရှိသည့် ဒေသများကလူငယ်များမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြမှုများရှိသလို တချို့မှာလည်း လာရောက် ခေါ်သွားခြင်းကြောင့် ထည့်ပေးလိုက်ရကြောင်းသိရသည်။
မိုင်းပေါက်ဒေသခံတဦးက “ကျနော့် သမီးကိုထည့်ပေးလိုက်ရတယ်။ အမြဲတမ်းစစ်သမီးအနေနဲ့ ခေါ်ထားမှာဘဲစိုးရိမ်တယ်၊ မထည့်ပေးဘူး ပြောလဲမရဘူး။ သူတို့က လက်နက်ကိုင်ထားတာဆိုတော့ ကြောက်ရတယ်” ဟု ပြောသည်။
ဦးညီရမ်းကတော့ မိမိတို့ UWSA အနေနဲ့ အတင်းအဓမ္မ မခေါ်ယူကြောင်း၊ အတင်းအဓမ္မ ခေါ်ပါက ပြန်လည် ထွက်ပြေးမည်မှာ အမှန်ဖြစ်ကြောင်း၊ ကာယကံရှင်၏ စိတ်ဝင်းစားမှု အပေါ်မှာမူတည်ပြီးခေါ်ယူကြောင်း၊ ပွဲတော် ပြီးပါက ပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ အမြဲတမ်းစစ်မှုထမ်းအဖြစ် နေလိုပါကကာယကံရှင် ဆန္ဒအရဖြစ်ကြောင်းပြောသည်။
၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် UWSA ၏ ဗဟိုဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကျင်းပမည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး ပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တက်ရောက်ပေးရန် နှုတ်အားဖြင့် ဖိတ်ကြားထားမှု ရှိကြောင်း UWSA ဘက်ကပြောသည်။
UWSA သည် ၁၉၈၉ ခုနှစ်၊ ဧပြီလကဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)ကမှ ခွဲထွက်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA/UWSP) ကိုဖွဲ့စည်း၍ ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် နှစ် ၃၀ ပြည့်ပြီ ဖြစ်သည်။