အီတလီနိုင်ငံမှ အတိုးမဲ့ ချေးငွေ ယူရိုသန်း ၃၀ ဖြင့် ဝေးလံခေါင်သီဒေသများ၌ ကျေးလက်မီးလင်းရေးဆောင်ရွက်ရာ၌ တင်ဒါစိစစ် ရွေးချယ်ခြင်းကို ပွင့်လင်းမြင်သာမှု ရှိရန် လွှတ်တော် ကိုယ်စားလှယ်များက သြဂုတ်လ ၉ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးကြသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့သောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် အီတလီနိုင်ငံက အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရေးနှင့် ပတ်သက်၍အကြံပြုခြင်းဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး တင်လင်း က “တင်ဒါရွေးချယ်ရာတွင် သတ်မှတ် စံနှုန်းများနဲ့ ကိုက်ညီပြီးပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါတယ်။ ဒါ့ပြင် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီအနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်းများ တင်သွင်းခြင်း ရှိမရှိကိုလည်း သေချာစွာ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြလိုပါတယ်” ဟု ပြောသည်။
ယခုစီမံကိန်းကို ကမ္ဘာ့ဘဏ် ချေးငွေ ကန်ဒေါ်လာသန်း ၄၀၀ ကျော်ဖြင့် ဆောင်ရွက်နေသောအမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အောက်မှ အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
ကျေးလက်နေ ပြည်သူများ၏ လူမှုစီပွားဘဝတိုးတက်လာစေရန် ရည်ရွယ်ကာချေးငွေပေးအပ်ခြင်း ဖြစ်သည့်အတွက် အလေအလွင့်မရှိစေဘဲစီမံကိန်းဒေသခံပြည်သူများအတွက် ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်ကြောင်းလည်း၎င်းက ဆွေးနွေးသွားသည်။
ယခုဆောင်ရွက်မည့် မဟာဓာတ်အားလိုင်း ပြင်ပ လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၌ဓာတ်အားလိုင်းမှ ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂဒေသတို့တွင် ၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ ခုနှစ် အထိတအိမ်သုံး ဆိုလာစနစ်ဖြင့် အသေးစားဓာတ်အားလိုင်းစနစ်တို့နှင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီးခန့်မှန်းကျေးရွာတထောင်ကျော်မှ အိမ်ခြေ တသောင်းခန့်ကိုအကျိုးပြုနိုင်မည်ဟုသိရသည်။
ယခင်ကဆောင်ရွက်ခဲ့သော ကျေးလက်မီးလင်းရေး စီမံကိန်းများတွင် ဆိုလာစနစ်များသည် တနှစ်မပြည့်မီချို့ယွင်းမှုများရှိနေပြီး ပြုပြင်ပေးခြင်း အစားထိုး လဲလှယ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှေးကွေးသည်ကိုတွေ့ရကြောင်း၊ ယခုစီမံကိန်းတွင် ကျေးလက်နေ ပြည်သူများအတွက် ပွင့်လင်းမြင်သာမှု ရှိပြီးတာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းစေရန် ဆောင်ရွက်စေလိုကြောင်းလွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေးကြသည်။
မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က “စီမံကိန်းမန်နေဂျာများ၊ စီမံကိန်းတာဝန်ခံတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စီမံကိန်း ဝန်ထမ်းဖွဲ့စည်းမှု အရေအတွက်၊ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် စေလိုပါတယ်။ တာဝန်ယူမှုတာဝန်ခံမှု အားကောင်းအောင် ဆောင်ရွက်စေလိုပါတယ်” ဟု တိုက်တွန်းသွားသည်။
စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း က “နိုင်ငံတော်က ပြည်သူတွေရဲ့ ဘဝဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်ဆောင်ရွက်ပေးနေတဲ့အပေါ် ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ရန် လိုအပ်ပါတယ်။ ယခင်ကလုပ်ဆောင်မှုများရဲ့ မအောင်မြင်မှု အတိုင်းသာပုံတူကူး လုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်ဟာ သမင်မွေးရင်းကျားစားရင်း ဖြစ်နေဦးမယ်ဆိုတာ သတိချပ်သင့်ပါတယ်” ဟုပြောကြားသည်။
ယခုစီမံကိန်းဆောင်ရွက်မည့် ဒေသများသည် ဝေးလံပြီးဖွံ့ဖြိုးမှု နောက်ကျသဖြင့် ပြည်သူကထည့်ဝင်ရမည့် ၁၀ ရာခိုင် နှုန်းကို မတတ်နိုင်သော ကျေးရွာများအတွက် ဖြေလျော့ပေးရန်နှင့် မီတာခ နှုန်းထားများကိုလည်း လျှော့ပေါ့ပေးရန် သုံးသပ်သင့်ကြောင်း ကိုယ်စားလှယ်များက အကြံပြုသွားသည်။
အီတလီအတိုးမဲ့ချေးငွေသည် ဆိုင်းငံ့ကာလ ၁၈ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ် စုစုပေါင်းချေးငွေ သက်တမ်းမှာ ၂၈ နှစ်ဖြစ်ခြင်းကြောင့် ကြွေးမှီခံနိုင်ဝန် အတွင်းရှိသဖြင့် ချေးယူသင့်ကြောင်းကိုလွှတ်တော် ကိုယ်စားလှယ်များကထောက်ခံဆွေးနွေးကြသည်။
အထက်ပါ အတိုးမဲ့ ချေးငွေ ယူရိုသန်း ၃၀ ရယူနိုင်ရေးနှင့် ပတ်သက်၍ သြဂုတ်လ ၁၃ ရက်တွင် ကျင်းပမည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ်များကဆက်လက် ဆွေးနွေးကာလွှတ်တော်၏ အဆုံးအဖြတ် ရယူမည် ဖြစ်ကြောင်းသိရသည်။