တောင်သူလယ်သမား ရေးရာ ကော်မတီက တင်သွင်းသည့် မြေသိမ်း ဥပဒေကြမ်း ပြင်ဆင်ရေး အမျိုးသား လွှတ်တော်၌ ဆွေးနွေး ကြကြောင်း သတင်း ရရှိသည်။
ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန် အစည်းအဝေး သတ္တမနေ့ အစီအစဉ်တွင် သြဂုတ် ၈ ရက်က ရန်ကုန် တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း တင်သွင်းသည့် ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၄ ဦး က ဆွေးနွေးခြင်း ဖြစ်သည်။
ကိုလိုနီခေတ် ၁၈၉၄ ခုနှစ် ကတည်းက ပြဋ္ဌာန်းခဲ့သည့် မြေသိမ်းဥပဒေကို အစားထိုးရန် အတွက် အမျိုးသား လွှတ်တော် တောင်သူ လယ်သမား ရေးရာ ကော်မတီက အခန်း ၁၄ ခန်း ပုဒ်မ ၇၀ ပါဝင်သည့် ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြေသိမ်းခံ တောင်သူလယ်သမားများအား အကာအကွယ် ပေးနိုင်ရန် အတွက် ရေးဆွဲထားသည့် အဆိုပါ ဥပဒေကြမ်းထဲ၌ ပြည်ထောင်စု အစိုးရက ဖြစ်စေ၊ ပြည်ထောင်စု အစိုးရ၏ သဘော တူညီချက်နှင့် ဖြစ်စေ၊ အများပြည်သူ အကျိုးအလို့ငှာ မြေသိမ်းဆည်း နိုင်သည် ဆိုသည့် အချက်လည်း ဖော်ပြပါရှိသည်။
ထိုသို့ အများပြည်သူ အကျိုးအလို့ငှာ ဆိုသည့် အချက်မှာ စိုးရိမ်စရာဖြစ်ကြောင်း၊ ယင်းအချက်ကြောင့် ပြည်သူများ၏ မြေယာ များ အလွယ်တကူ ဆုံးရှုံးနိုင်ကြောင်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း က ထည့်သွင်း ဆွေးနွေးသွားသည်။
ယင်းဥပဒေ ပုဒ်မ ၆၃ တွင်လည်း အကျိုးထိခိုက် နစ်နာသူများ အနေဖြင့် မိမိတို့ မြေပေါ်တွင် လွတ်လပ်စွာ နေထိုင် လုပ် ကိုင် စီမံခန့်ခွဲခြင်းအား ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ပိတ်ပင် တားဆီးခြင်းဟု မှတ်ယူခြင်း မရှိစေရဟု ပြင်ဆင် ဖြည့်စွက်လိုကြောင်း ၎င်းက လွှတ်တော်တွင် အကြံပြုသည်။
ဦးစိုင်းဝမ်းလှိုင်းခမ်း က “ကျနော်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့မြေကို သိမ်းရင်တော့ ဝင်ပြီးတော့ တားမှာပဲ။ အဲဒါကို ပြစ်မှုလို့ ထည့်ထားတယ်။ မြေယာသိမ်းမယ်လို့ ကြေညာထားပေမယ့် ပုံမှန် လုပ်နေတဲ့ မြေယာကိုတော့ တားဆီး နှောင့် ယှက်မှု မဖြစ်သင့်ဘူး ဆိုတာကို ဖြည့်စွက်သင့်ပါတယ် ဆိုတာကို ဆွေးနွေးတဲ့ အထဲမှာလည်း ပါတယ်”ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ထို့ကြောင့် ယခု ဥပဒေကြမ်းအား အမျိုးသားမြေယာ ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ပြဋ္ဌာန်းသင့်ကြောင်းနှင့် ယာယီ မြေသိမ်း ဆည်း ပါက ၃ နှစ်ထက် မပိုရဟု ပါရှိသော်လည်း၊ နစ်နာကြေးငွေအား ထိခိုက်နစ်နာသူနှင့် ညှိနှိုင်းရမည်ဟုသာ ပါရှိခြင်း ဖြစ်ပြီး လျော်ကြေးငွေ ပမာဏ မှာ တိတိကျကျ ဖော်ပြထားခြင်းလည်း မရှိဟု အစည်းအဝေးတွင် ၎င်းက ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက “ပုဒ်မ ၅၉ မှာ ယာယီ မြေသိမ်းသည့် ဥပဒေမှာ ၃ နှစ်အတွင်း သိမ်းရမယ်လို့ပါတယ်။ တကယ်တမ်း နိုင်ငံတော်က အကြောင်းကြောင်းကြောင့် ၃ နှစ် ပြည့်တဲ့အထိ ဒီကိစ္စကို မရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ကို ၃ နှစ်ပြည့်ပြီးသည့်တိုင် ပြန်လည်အပ်နှံခြင်း မပြုနိုင်ပါက ထိခိုက်နစ်နာသူအား လျော်ကြေး ၃ ဆ တိုးမြှင့်ပေးဖို့ (သို့မဟုတ်) အမြဲမြေသိမ်းသည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်တာမျိုး ဖြည့်စွက်ဖို့ လိုပါတယ်”ဟု လွှတ်တော်၌ အကြံပြုသည်။
တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာနှင့် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးစိန်ဝင်းက “မြေသိမ်းဥပဒေကို ပြဋ္ဌာန်းမယ် ဆိုရင် အရင်တုန်းက မတရား သိမ်းဆည်းခဲ့သည့် မြေများကို အရင် ဖြေရှင်းရမှာ။ အဲဒါ မဖြေရှင်းဘဲနဲ့ ဒုတိယ မြေသိမ်း ဥပဒေကို ပြဋ္ဌာန်းမယ်ဆိုရင်၊ မတရား သိမ်းဆည်းထားတဲ့ အရင်မြေတွေနဲ့ အများကြီး ရှုပ်ထွေး သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံး အနေဖြင့် မြန်မာနိုင်ငံမှာ စိုက်ဧက ပေါင်း ၃၇ သန်းကျော်ရှိရာ သိမ်းဆည်းခံ မြေဧကပေါင်း ၇ သန်းကျော် ရှိနေပြီး မြေသိမ်းဆည်းခံ တောင်သူများအတွက် ပြန်လည် ဖြေရှင်းပေးနိုင်သည့် မြေဧက ၁၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်သာ ဖြေရှင်း ပေးနိုင်သေးကြောင်း ဦးစိန်ဝင်းက ပြောဆိုသည်။
လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေမှာ မြေသိမ်းခံ ပြည်သူများ နှောင့်ယှက် ဖျက်ဆီးပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်ပါ ကျခံစေရမည်ဟု ပြဋ္ဌာန်းချက်တွင် ပါရှိသဖြင့် မြေသိမ်းဆည်းရာမှာလည်း မမှန်မကန် ပြုလုပ်သည့် တာဝန်ရှိသူ များကိုလည်း ပြစ်မှု ပြစ်ဒဏ်များ ချမှတ်သင့်ကြောင်း ကိုယ်စားလှယ်များက လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးသည်။
အဆိုပါ မြေသိမ်း ဥပဒေတွင် အကျုံးဝင်သည့် မြေအမျိုုးအစားများမှာ လယ်ယာမြေ၊ ကိုင်းကျွန်းမြေ၊ မြေနုကျွန်းမြေ၊ မြေလွတ် မြေရိုင်း၊ ဥယျာဉ်ခြံမြေနှင့် သစ်တောမြေများလည်း ပါဝင်ကြောင်း သိရသည်။
နေပြည်တော် ခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှ လယ်ယာမြေ ၈ ဧက သိမ်းဆည်းခံရသူ ဦးသန်းထွန်းအောင် က“ကျနော့် မြေသိမ်းခံရတာ ၂၀၁၀ ခုနှစ် ကတည်းက။ အဲဒီ မြေပေါ်မှာ ဘာမှလည်း မစိုက်ဘူး။ စီမံကိန်းဆိုပြီး သိမ်းတာပဲ။ ဘာမှ လည်း မဆောက်ဘူး။ ကျနော်တို့ လယ်မြေတွေ ပြန်ရဖို့ စာတင်တာတွေ အကြိမ်ရေများနေပြီ။ ဘာမှအကြောင်း မပြန်ကြ ဘူး။ ကျနော်တို့ကတော့ ကိုယ့်မြေကိုယ်ပဲ ပြန်လိုချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြေသိမ်းဥပဒေကြမ်းနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၄ ဦး၏ ဆွေးနွေးချက်ကို အမျိုးသား လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ တွင် ပြန်လည် ကြားနာ၍ အစီရင်ခံစာအဖြစ် တင်သွင်းသွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။