ဦးကိုနီအား လုပ်ကြံမှုအပေါ် ငွေကြေးထောက်ပံ့မှု မရှိသည့်အပြင် ယင်ကိစ္စအား လုပ်ရလောက်အောင် မိုက်မဲသူမဟုတ်ကြောင်း ဇေယျာဖြိုးက ယနေ့ဇူလိုင် ၁၀ ရက်နေ့ရုံးချိန်းအပြီးတွင် ပြောဆိုသည်။
ဇေယျာဖြိုးအနေဖြင့် ဦးကိုနီလုပ်ကြံခံရမှုတွင် ပြစ်မှုကျူးလွန်သူအား အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲချက်တင် ခံထားရသူဖြစ်ပြီး ယနေ့တရားခွင်အတွင်း ၎င်းအား ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဇေယျာဖြိုးက “အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး ဘာမှပတ်သက်မှုမရှိဘူး၊ ဖုန်းမှတ်တမ်းတွေ အထောက်အထားနဲ့ ထင်ရှားပေါ်ပေါက်ပြီးသား၊ ငွေတကျပ် တပြားတောင် ဒီအမှုမှာ ငွေကြေးသုံးစွဲထားတာ ပေါ်ပေါက်ခြင်းလဲမရှိဘူး၊ ထောက်ပံ့ခဲ့တာလဲ မရှိဘူး၊ ဒီကိစ္စကို လုပ်ရ လောက်အောင်လဲ ကျနော်မမိုက်မဲပါဘူး၊ ကျနော်လဲ စီးပွားရေးအဲ့လောက်မပေါများဘူးဗျာ” ဟု တရားရုံးမှ အပြန်တွင်ပြောသည်။
ယနေ့တရားခွင်တွင် ဇေယျာဖြိုးအား ၎င်း၏ရှေ့နေဖြစ်သူ ဒေါ်ပပဝင်းက စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းပိုင် လုပ်ငန်းစာရွက်စာတမ်းများနှင့် အခင်းဖြစ်ရက်ပိုင်းတွင် ရဟန်းဝတ်သည့် ဓာတ်ပုံအချို့နှင့် ဆေးကုသမှု မှတ်တမ်း အချို့အား သက်သေခံတင်သွင်းခဲ့ကြောင်း ဒေါ်ပပဝင်းက ပြောသည်။
ဇေယျာဖြိုး၏ သတင်းမီဒီယာများထံ ပြောဆိုချက်များနှင့်ပတ်သက်၍ တရားခွင်အတွင်း ပြောကြားချက်များ မဟုတ်၍ မှတ်တမ်း မဝင်ကြောင်းနှင့် ပြန်လှန်မေးမြန်းမှုများပြုလုပ်ပြီးမှသာ ၎င်းထွက်ဆိုချက်အပေါ် မှတ်ချက်ပေးရမည်ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောခဲ့သည်။
အမှုတွင် တရားခံပြေးကြေညာထားသူ အောင်ဝင်းခိုင်နှင့် ပတ်သက်မှုမရှိကြောင်း ဇေယျာဖြိုးမှ ပြောဆိုခဲ့သော်လည်း အမှုတွဲတင်ပြချက် များအရ လုပ်ကြံမှုဖြစ်ပွားသည့် ရက်ပိုင်းအတွင်း နေပြည်တော်ရှိ ဇေယျာဖြိုးပိုင်ဆိုင်သည့် ရုံးခန်းတခုသို့ အောင်ဝင်းခိုင်လာရောက်ကာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တရားလိုရှေ့နေများက ထုတ်ဖော်ပြောကြားထားသည်။
လုပ်ကြံမှုနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်ပြည်ထဲရေး ဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုးအနေဖြင့် နောက်ကွယ်မှငွေပေးစေခိုင်သူ တဦးဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားမှု ရှိထားသည်။
လုပ်ကြံမှုတွင် ကျပ်သိန်းတထောင် ထောက်ပံ့ခဲ့ကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေသော်လည်း အမှုတရားခွင်အတွင်း စစ်ဆေးမှုများအရ ဇေယျာဖြိုးအနေဖြင့် ငွေကြေးထောက်ပံ့ခဲ့သည်ကို ထင်ရှားပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်းလည်း စွပ်စွဲခံရသူများက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရခြင်းဖြစ်သည်။
ယင်းလုပ်ကြံမှုနှင့်ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး ဖမ်းဆီးထားပြီး အောင်ဝင်းထွန်းအား အားမခံဖြင့် လွှတ်ပေးကာ တရားရင်ဆိုင်စေလျှက်ရှိသည်။
ယင်းလုပ်ကြံမှုပြုလုပ်ရန် နောက်ကွယ်မှငွေပေးစေခိုင်သူဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာထားသည့် အောင်ဝင်းခိုင်အား ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။
အမှုတွင် ပါဝင်နေသည့် ဇေယျာဖြိုးသည်လည်း လုပ်ကြံမှုတွင် ငွေပေးစေခိုင်သူတဦးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားသည်။