ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းရှိ နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေ အား လျှပ်စစ် စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုကြကြောင်း သတင်းရရှိသည်။
အဆိုပါ စီမံကိန်းသည် ကျောက်မဲမြို့ အထက်ရဲရွာ၌ တည်ဆောက်နေပြီး ၄၀ ရာခိုင်နှုန်း ပြီးစီးနေကာ ယင်းစီမံကိန်း ရပ် တန့်ပေးရန် အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ရှမ်းအရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုကြခြင်း ဖြစ်သည်။
ကျောက်မဲမြို့ အထက်ရဲရွာတွင် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက ရေအမြင့်ပေ ၄၀ တက်လာ မည်ဖြစ်ပြီး နမ္မတူမြစ်ရိုး တလျှောက်ရှိ သီပေါမြို့နယ် တာလုံကျေးရွာ ရေမြုပ်နိုင်သည့်အတွက် ပြောင်းရွှေ့ရန် စီစဉ်နေ ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) သီပေါ မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေး က ပြောသည်။
“စီမံကိန်း ပြီးလို့ စတင် လည်ပတ်တော့မယ် ဆိုရင် တာလုံရွာက ရေမြုပ်တော့မှာလေ။ ရေက ပေ ၄၀ မြင့်တက်လာမှာ အဲဒါ ဆို တရွာလုံးလည်း ပြောင်းရမယ်။ အဓိက သူတို့ရဲ့ ဥယျာဉ်ခြံပေါ့။ ဥယျာဉ်ခြံတွေလည်း အကုန်လုံး ပျက်စီးမှာ။ ရွာသားတွေ ကတော့ လုံးဝ မရွှေ့ပြောင်းချင်ကြဘူး။ ကျမတို့က ပြည်သူက ရွေးချယ်ထားတဲ့သူ ဆိုတော့ ပြည်သူ့ဘက်မှာပဲ ရပ်တည် ပါမယ်”ဟု ၎င်းက ပြောသည်။
တာလုံကျေးရွာတွင် အရှေ့ရွာနှင့် အနောက်ရွာ တို့ရှိကာ ၂ ရွာပေါင်း အိမ်ခြေ ၂၀၀ ကျော် ရှိပြီး လူဦးရေ ၅၀၀ ကျော် ရှိ ကြောင်း၊ ကဗ္ဗလာ ဥယျာဉ်ခြံမြေ ၁၈၄ ဧက နှင့် လယ်မြေ ၁၇၄ ဧက ရှိကြောင်း သိရသည်။
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာနက ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး အဓိက တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ရေလွှဲ ဥမင် လှိုဏ်လုပ်ငန်း၊ ပင်မ တမံလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ လုပ်ငန်း၊ ရေသွယ်ဥမင်လှိုဏ် လုပ်ငန်းတို့ ဆောင်ရွက် လျက်ရှိကြောင်း သြဂုတ်လ ၁၀ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးဌာန တာဝန်ရှိသူက ထုတ်ဖော် ပြောဆိုသည်။
ယင်းစီမံကိန်း ပြီးစီးပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ နှစ်စဉ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၄၀၉ နာရီ ဓာတ်အား ကွန်ရက် စနစ်မှ တဆင့် မြန်မာတနိုင်ငံလုံးသို့ ထုတ်လုပ် ဖြန့်ဖြူးသွားရန် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ရှင်းလင်းသွားသည်။
ယင်းစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်ခန့်က စတင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှသာ ဒေသခံများ သိရှိကြပြီး ရေဝပ် ဧရိယာထဲ ပါဝင် နေသည်ဟု ဆိုကာ တာလုံကျေးရွာမှ ဒေသခံများကို ပြောင်းရွှေ့ခိုင်းနေကြောင်း သီပေါမြို့က အမျိုးသမီး စွမ်းဆောင်ရှင် များ ကွန်ရက်မှ ဒေါ်နန်းခင်မာအေး က ပြောသည်။
နမ္မတူမြစ်ပေါ်တွင် အစိုးရက ရေအားလျှပ်စစ် ၄ ခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ယင်းတို့မှာ ရှမ်းပြည်နယ် မြောက် ပိုင်း၊ ကျောက်မဲခရိုင်တွင် စီမံကိန်း ၃ ခုနှင့် မန္တလေးတိုင်း ဒေသကြီး၌ ၁ ခုတို့ ဖြစ်ကြောင်း သီပေါ လူမှုအဖွဲ့အစည်းနှင့် ရပ် ရွာ ပြည်သူများ၏ သြဂုတ် ၈ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒေါ်နန်းခင်မာအေးက “ကျောက်မဲမြို့မှာ ဆောက်နေတာ အထက် ရဲရွာမှာ ဆောက်နေတာ ရေဝပ် ဧရိယာထဲ ပါတယ်လို့ ပြောတယ်။ တရွာလုံး မြုပ်မယ်လို့ ပြောပြီးတော့ ဖယ်ခိုင်းတာ။ ဒီရွာခံတွေကို ဘာမှ ချပြထားခြင်း၊ အကြောင်းကြားခြင်း လည်း မရှိဘူးပေါ့။ ကျမ ရေကာတာကိစ္စ လုံးဝ ကန့်ကွက်တယ်။ အကျိုးခံစားခွင့် ဆိုတာ ကုမ္ပဏီတွေနဲ့ အစိုးရပဲ အကျိုး ခံစားခွင့် ရှိတယ်။ ပြည်သူတွေအနေနဲ့ ဘယ်လောက်ထိ ရနိုင်မလဲ။ ရေအားလျှပ်စစ်က ကျမတို့အတွက် ခံစားခွင့်ရှိရဲ့လား၊ ရေအားလျှပ်စစ် တခုတည်းနဲ့ ပြည်သူတွေရဲ့ဘဝ၊ ထိခိုက် နစ်နာမှုတွေ အားလုံးနဲ့ မလဲနိုင်ဘူး” ဟု ဆိုသည်။
နမ္မတူမြစ်ပေါ်တွင် ရေအားလျှပ်စစ် တည်ဆောက်နေသည့် ကုမ္ပဏီများမှာ ဆွစ်ဇာလန်၊ ဂျာမနီ၊ တရုတ်၊ ဂျပန် နိုင်ငံတို့မှ ကုမ္ပဏီများလည်း ပါဝင်ကြောင်း သီပေါမြို့ လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာ ပြည်သူများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ကျေးရွာမှ ဒေသခံများသည် ကဗ္ဗလာများ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း ဒေါ်နန်းခင်မာအေးက ပြောသည်။
တာလုံကျေးရွာမှ ဒေသခံများကို ကုမ္ပဏီဘက်က ပြောင်းရွှေ့ပေးမည်ဟု ဆိုသော်လည်း တာလုံကျေးရွာ၊ နန်းမခေါ် အုပ်စု ထဲကိုသာ ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း၊ နစ်နာသူများကို လျော်ကြေးပေးမည့် မြေများသည်လည်း ပိုင်ရှင်ရှိ မြေများ ဖြစ်သည့်အတွက် အဆင်မပြေနိုင်ကြောင်း၊ တခြား မြေများမှာလည်း စိုက်ပျိုး၍ မရသော မြေများ ဖြစ်နေကြောင်း ဒေသခံ များ ထံမှ သိရသည်။
ဒေါ်နန်းစန်းစန်းအေးက “သူတို့ရဲ့ စာအုပ်ထဲမှာတော့ ရှိတယ်။ ဘယ်ခုနှစ်မှာ ရွှေ့ပြောင်းရေး လုပ်မယ်ပေါ့။ ဘယ်ခုနှစ်မှာ လျော်ကြေး ပေးမယ်။ စိုက်ပျိုးမြေတွေ ဖော်ထုတ်ပေးမယ် အဲဒီလိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် အခုထိ ဘာမှ အကောင် အထည်မဖော်ဘူး။ သူတို့လျာထားတဲ့ မြေတွေက ကွင်းဆင်း မကြည့်ဘဲ မြေလွတ် မြေရိုင်းလို့ ထောက်ပြီး ပြောတာနေ မယ်။ ဒါက ပိုင်ရှင်ရှိတဲ့ မြေနေရာတွေ”ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ SNLD မှ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ တာလုံ ကျေး ရွာသို့ သြဂုတ်လ ၁၁ ရက်မှာ သွားရောက်၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ ဒေသခံများ၏ သဘောဆန္ဒကို ဆောင် ရွက်ပေးမည် ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ် လွှတ်တော်သို့ SNLD မှ လွှတ်တော် ကိုယ်စားလှယ်က အဆိုတင်၍ မေးမြန်းခဲ့သော်လည်း ရှမ်းပြည်နယ် အစိုးရက ပြည်ထောင်စု အဆင့် စီမံကိန်းဖြစ်သည့် အတွက် ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု သီပေါ မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က အဆိုတင်သွင်း၍ မေးမြန်းသွားရန် စီစဉ်လျက်ရှိကြောင်း ဒေါ်နန်းစန်း စန်းအေးက ရှင်းပြသည်။
ထို့ပြင် နမ္မတူမြစ် တလျှောက်ရှိ ကျေးရွာ ၃၇ ရွာမှ ဒေသခံများ၏ လက်မှတ်များကို ကောက်ယူ၍ ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက် နေမှုများ ရပ်တန့်ပေးရန် အစိုးရထံ တင်ပြ တောင်းဆိုသွားရန်လည်း စီစဉ်နေကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုကြသည်။
နမ္မတူမြစ်ရိုး တလျှောက်တွင် နေထိုင်ကြသော ကျေးရွာများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစန်းစန်းအေး၊ တောင်လူ လယ်သမား ကွန်ရက်တို့ ၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက် က သီပေါမြို့မှာ တွေ့ဆုံ၍ ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်မှု ရပ်တန့်ရေး ဆွေးနွေးခဲ့ကြသေးသည်။