တန်ဖိုးကြီးမားသည့် နိုင်ငံတော်အဆင့် ဧည်ကြိုယာဉ်များအပါအဝင် ကားအစီး ၁၂၀၀ ကျော်၏ ထိန်းသိမ်းစရိတ်ကို ကျပ်ဘီလီယံနှင့် ချီ၍ တင်ပြ တောင်းခံလာသဖြင့် အမှန်တကယ် ကုန်ကျနိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော် ပူးပေါင်းကော်မတီ တခုကမြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး စိစစ်ဖြတ်တောက်မှုများ ဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။
ယင်းကားအစီးရေ ၁၂၀၀ ကျော်ကိုနေပြည်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး အမှတ် ၃၂ နောက်ရှိ ဂိုဒေါင်ကြီး ၉ လုံးဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ယင်းကားများ၏ ဆီဖိုး၊ ပြုပြင် ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်များ၏ ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်တွင် အရေးပေါ် မီးငြိမ်းသတ်ရမည့် ကုန်ကျစရိတ်နှင့် ဂိုဒေါင် မီးမလောင်စေရန် မီးတားစရိတ်များလည်း ပါဝင်ကြောင်း လွှတ်တော် ရငွေ၊ သုံးငွေများ ပူးပေါင်းစိစစ်မှု ကော်မတီ (၆) ထံမှသိရသည်။
ယင်းကော်မတီ၏ အဖွဲ့ခေါင်းဆောင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က “ECC (ဗဟိုစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန) က တင်ပြလာတဲ့ ပြင်ထိန်းစရိတ်တွေ၊ စက်ဆီချောဆီတွေဟာ တကယ်ကုန်ကျတာ ဟုတ်ရဲ့လား ဆိုတာ တကယ်စစ်ဆေးပြီးမှ ခွင့်ပြုလို့ရမှာ ဖြစ်တယ်။ ကျမတို့ရဲ့ အဖွဲ့ ၆ အနေနဲ့က စစ်ဆေးလို့လည်းပြီးပြီ။ ခွင့်မပြုသင့်တာတွေကို ခွင့်မပြုဘူး။ ပယ်ဖျက်သင့် တာတွေကို ပယ်ဖျက်တယ်။ ဖြတ်သင့်တာတွေကို ဖြတ်တောက်လိုက်တယ်” ဟု ပြောသည်။
သို့သော် ဖြတ်တောက်လိုက်သည့် ငွေကြေးပမာဏ အသေးစိတ်ကို ထုတ်ဖော်ပြောဆို၍ မရသေးဘဲ ယင်းကိစ္စနှင့်ပတ်သက်၍ စိစစ် ဖြတ်တောက်မှုများကို ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီသို့ တင်ပြလိုက်ပြီး ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် သီးသန့် အစီရင်ခံစာတစောင် ထပ်မံတင်ပြဦးမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသည် တနိုင်ငံလုံးရှိ အစိုးရသုံးယာဉ် များကိုစီမံခန့်ခွဲရသည့် ဌာနတခု ဖြစ်ပြီး ၎င်းယာဉ်များကို ထိန်းသိမ်းရန် လွှတ်တော်သို့ ကျပ်ဘီလီယံနှင့် ချီ၍ တောင်းခံသည့်အခါ အမှန်တကယ် ကုန်ကျခြင်းရှိ၊ မရှိကိုသိရှိနိုင်ရန် လွှတ်တော် ကော်မတီသည် သြဂုတ်လ ၄ ရက်နေ့က ဂိုဒေါင်များကိုနေပြည်တော်တွင် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်စန်းလှိုင် က “ဒီဌာနကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ ဒီဌာနက သုံးစွဲတဲ့စက်ဆီ၊ ချောဆီတွေဟာ အင်မတန်များပြားနေတာ တွေ့ရတယ်။ ကျမတို့မေး မြန်းတဲ့အခါမှာ နိုင်ငံတော်ကနေ ထိန်းသိမ်းရတဲ့ ကားတွေရှိတယ်။ ဒီကားတွေကို တလကို ၂ ကြိမ် နှိုးစမ်းပြီးတော့ မောင်းရတဲ့အခါမှာ သုံးရတဲ့ ဆီဖိုးတွေ သုံးရတာ ရှိတယ်ပေါ့။ နိုင်ငံတော် အဆင့်ဧည့်ပွဲကြီးတွေ လုပ်တဲ့အခါမှာ ကုန်ကျရတဲ့ ဆီဖိုးတွေရှိတယ်တဲ့” ဟု ပြောသည်။
ယင်းဌာနမှ တင်ပြသည့် စာရင်းများအရ ယခင်အစိုးရထံမှ လက်ခံရရှိသည့် ကားအရေအတွက်မှာ ၁၂၀၂ စီး၊ ၂၀၁၆-၁၇ တွင် ၃၅၉၂ စီး၊ ၂၀၁၇-၁၈ တွင် ၂၆၇၆ စီး၊ ၂၀၁၈ ခုနှစ်မှ ဇွန်လအထိ ၁၀၃၀ စီးတို့ ဖြစ်ကြောင်း၊ ထပ်တိုးလာသည့် ကားများမှာ အစိုးရကဝယ်ယူခြင်း မဟုတ်ဘဲ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့ဘက်မှ လိုင်စင်မဲ့ ဖမ်းဆီးရမိသည့် ကားများ ဖြစ်ကြောင်းသိရသည်။
ယင်းကားများထဲတွင် Wagon ကား ၂၄၄ စီး၊ ဆလွန်းက ၆၂၂ စီး၊ ဗင်က ၃၇ စီး၊ ပစ်ကပ် ၄၃ စီး၊ လိုက်ထရပ် ၁၁ စီး၊ ရိုရိုးထရတ်ကား ၃၀၊ မီနီဘတ်စ် ၁၀၃ စီး၊ အခြားမီနီဘတ်စ် အမျိုးအစား ၃၁ စီး၊ ဘတ်(စ်)ကား ၄၇ စီး၊ Jeep ကား ၃၁ စီး၊ ထော်လာဂျီက ၂ စီးစုစုပေါင်း ၁၂၀၂ စီး ဖြစ်ကြောင်း၊ ယင်းထဲမှ ၇၀၀ ခန့်ကိုသက်ဆိုင်ရာဌာနများသို့ ခွဲဝေပေးရန် စီစဉ်နေကြောင်းလွှတ်တော် ကော်မတီထံမှ သိရသည်။
၎င်းတို့ထဲတွင် နိုင်ငံတော် ဧည့်ကြိုယာဉ် ၅၇၂ စီး၊ အဆောင်အယောင် ပြန်အပ်သည့် ယာဉ် ၃၁၆ စီး၊ ဘဏ္ဍာသိမ်းယာဉ်က ၁၂၂ စီး၊ အခြားဌာနများမှ ပြန်အပ်သည့် ယာဉ် ၄၅ စီး၊ အိုရီနီယန် အေပက် ကုမ္ပဏီမှဝယ်တဲ့ယာဉ် ၁၃ စီး၊ စက်မှုယာဉ်က ၄၀စီး၊ တရုတ်ကုမ္ပဏီက လှူဒါန်းယာဉ် တစီး၊ ထုတ်ပေးရန် မသင့်သည့် ယာဉ် ၂၈ စီးနှင့် အရည်ကြိုရမည့် ယာဉ် ၆၅ စီးတို့ ဖြစ်သည်။
ယင်းဂိုဒေါင်ကို ဖွင့်ကြည့်ရာတွင် ပါဝင်ခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က “တွေ့လိုက်တော့ အံ့သြသွားတယ်။ အဲလောက်ကြီး မထင်ဘူး။ ဒီလောက်ကြီး မြင်မှ မမြင်ဘူးတာ။ ဖမ်းထားတဲ့ လိုင်စင်မဲ့ ကားတွေ လည်းအများကြီးပဲ။ တန်းစီးပြီး ရပ်ထားတာ။ ဒီလောက် အများကြီးရှိနေတာတောင် ပြီးခဲ့တဲ့ နှစ်က ကားဝယ်ဖို့ ၁၂ ဘီလီယံကျော်တောင်းတာ။ ကျနော်တို့ ဖြတ်လိုက်လို့” ဟု ပြောသည်။
ယခင်နှစ်က သမ္မတ၊ ဝန်ကြီးများစီးရန် အတွက်ဟုဆိုကာ ဇိမ်ခံကားများ ဝယ်ယူရန် စာရင်းတင်ခဲ့သော်လည်း လွှတ်တော်က လက်မခံခဲ့ကြောင်း၊ သို့သော် မနှစ်က မြေပြင်ကွင်းဆင်းကြည့်ရန် အချိန်မရခဲ့ဘဲ ယခုနှစ်တွင်မှ မြေပြင်သို့ ကွင်းဆင်း ကြည့်ရှု့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော် အနေဖြင့် ဇိမ်ခံကားထပ်မံ ဝယ်ယူခွင့် ပြုမည် မဟုတ်ဘဲ ဝန်ထမ်း ကြိုပို့ကားများကို မူခွင့်ပြုပေးမည် ဖြစ်ကြောင်း၎င်းက ပြောသည်။
“ဌာနတခုဆိုရင် သူတို့ိကို ECC က ကားပေးတယ်ပေါ့။ ဒါပေမယ့် ဘာမှ မပါလာဘူး။ ဆိုဖာ၊ အဲကွန်းမပါတော့ ကျနော်တို့ဆီကို ဘတ်ဂျက်တောင်းတယ်။ တကယ်ဆိုသူတို့ ပြင်ဆင်စရိတ် တောင်းထားရင် ဌာနတွေကို ပေးတဲ့အခါ ပေးရင် အကောင်းပတိပေးရမှာ။ ပြီးတော့ သူတို့က ၁ လ ၂ ခါ သပြေကုန်း အဝိုင်းကို မောင်းကြည့်တယ်ဆိုတော့ ကိုယ်စားလှယ် တယောက်က သူအိပ်ရာထနောက်ကျလို့လား မသိဘူး။ တခါမှ မတွေ့မိဘူးလို့ ပြောနေသေးတာ” ဟု ယင်းကိုယ်စားလှယ်က ဆက်ပြောသည်။
လွှတ်တော် ကော်မတီအနေဖြင့် သာမာန် အသုံးစရိတ်တွင် ပါဝင်သည့် လုပ်အားဖြင့် ဆောင်ရွက်မှု စရိတ်များ၊ ရုံးသုံးပစ္စည်းများ၊ စက်သုံးဆီအသုံးစရိတ်၊ ပြင်ဆင်ထိန်းသိမ်း စရိတ်တို့ကို အဓိကထားစိစစ်လျက်ရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်များကထက် ပိုမိုတောင်းခံမှုများကိုမူ ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ယင်းစိစစ်မှု အဖွဲ့မှ ဒေါ်ခင်စန်းလှိုင် က “စာရင်းဖော်ပြီးတော့ ဂိုဒေါင် ၃ လုံးဖွင့်ကြည့်တာ။ ၁၀ လုံးမှာ တလုံးကို ပြည်ထဲရေးကို ငှားထားတာ။ ၃ လုံးပဲ ကြည့်ခဲ့ရတယ်။ နောက်ဂိုဒေါင်တွေမှာ ဘယ်နှလုံးရှိလဲဆိုတာလည်း အန်တီတို့ မသိဘူး။ သူတို့တောင်းတဲ့ ဘတ်ဂျက်နဲ့ မြေပြင်အခြေအနေနဲ့ ကိုက်မကိုက် သွားကြည့်တာ။ ကြည့်တော့ နိုင်ငံတော်ရဲ့ အဆောင်အယောင်တွေ ထည့်ထားတဲ့ ဂိုဒေါင်တွေကို လိုက်ပြခဲ့တာပဲ” ဟု ရှင်းပြခဲ့သည်။