အမေရိကန်နိုင်ငံ၊ Seattle မြို့ နိုင်ငံတကာလေဆိပ်မှာ ရပ်နားထားတဲ့ ခရီးသည်တင်ယောဉ်ကို လေကြောင်းလိုင်း ဝန်ထမ်းတဦးက ခိုးယူ ပျံသန်းမောင်းနှင်ခဲ့ပြီး လေယာဉ်ကွင်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျွန်းတကျွန်းပေါ်ကို ပျက်ကျခဲ့တဲ့ ဖြစ်စဉ်တခု သြဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားပါတယ်။
အဆိုပါ ခိုးယူခံရတဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တွေ လိုက်ပါစီးနင်းခြင် းမရှိဘဲ လေယာဉ်ကို ခိုးယူမောင်းနှင်ခဲ့သူဟာ အသက် ၂၉ နှစ်အရွယ်ရှိ ဒေသခံလေကြောင်းလိုင်း ဝန်ထမ်းတဦးလို့ သိရပြီး ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အတူ သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ အခုလို လေယာဉ်ကို ခိုးယူပြီး မောင်းနှင်ခဲ့တာဟာ အကြမ်းဖက် ဖြစ်စဉ်တခု မဟုတ်ဘဲ ခိုးယူမောင်းနှင်ခဲ့သူဟာလည်း စက်ပြင်တဦး ဖြစ်တာကြောင့် စမ်းသပ်မောင်းနှင်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ဟာ Horizon လေကြောင်းလိုင်းပိုင် Q 400 လေယာဉ် ဖြစ်တယ်လို့ Horizon လေကြောင်းလိုင်းရဲ့ မိတ်ဖက် Alaska လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေယာဉ်ခိုးယူခံရပြီး ပျံသန်းမောင်းနှင်နေချိန်မှာပဲ F15 ဂျက်လေယာဉ်တစီးက ထပ်ချပ်မကွာ လိုက်ပါပျံသန်းရင်း မြေပြင်ပေါ် ပြန်လည်ဆင်းသက်ဖို့ ညွှန်ကြားခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ခိုးယူခံရတဲ့ လေယာဉ်ရဲ့ ပျံသန်းမှုဟာ ပုံမှန် မဟုတ်တာကြောင့်ရော နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါနေတဲ့ ဂျက်လေယာဉ်ကြောင့်ပါ လေယာဉ်မောင်းနှင်ပြပွဲတခုအတွက် လေ့ကျင့်နေတာလို့ ထင်မိတယ်ဆိုကြောင်း လေယာဉ် ပျံသန်းသွားတာကို မျက်မြင် တွေ့ရှိခဲ့တဲ့ John Waldron ဆိုသူက ပြန်လည်ပြောပြခဲ့ပါတယ်။
ခိုးယူခံခဲ့ရတဲ့ လေယာဉ်ဟာ Ketron ကျွန်းတောင်ဘက်ကို ပျက်ကျသွားခဲ့တာဖြစ်ပြီး လေယာဉ်ပျက်ကျသွားချိန်မှာ ကျယ်လောင်တဲ့ မြည်ဟည်းသံနဲ့အတူ မီးခိုးတန်းကြီးတခုကိုပါ မြင်တွေ့လိုက်ရတယ်လို့ Waldron ကဆိုပါတယ်။ ပျက်ကျခဲ့တဲ့ Q400 လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ပြင်ဆင်စရာတေ ွရှိသေးတာကြောင့် ခရီးသည်တွေ တင်ဆောင်မှု မရှိဘဲ ရပ်နားထားခဲ့တာ ဖြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။
CNN တွင် ဖော်ပြထားသော “Airline employee steals a plane from Seattle airport and crashes” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Ref ; edition.cnn.com