နေပြည်တော် လွှတ်တော်တွင် သတင်းယူနေသည့် သတင်းထောက်အား ဆဲဆိုခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်း ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ စာတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ် တင်ဆွေဝင်းသည် ယခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် သတင်းယူနေသော မဇ္ဈိမ သတင်းထောက် ကိုမင်းမင်းအား ကြမ်းတမ်းသည့် ဆဲဆိုမှု ပြုလုပ်ခဲ့ကြောင်း ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီအနေဖြင့် အစည်းအဝေးပြုလုပ်ပြီး စာတင်သွားမည် ဖြစ်ကြောင်းသိရသည်။
စာနယ်ဇင်းကောင်စီဝင် ဦးမြင့်ကျော် က “ရှေ့အပတ်ထဲမှာကောင်စီကအစည်းအဝေး ပြုလုပ်ပြီး ပြည်ထောင်စုလွှတ်တော် ရုံးအဖွဲ့ကိုတင်မယ်၊ အဲဒီပြည်ထောင်စုရုံးအဖွဲ့ကနေသူတို့စာပို့တဲ့ ဆီကို ပြန်ပို့မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်တင်ဆွေဝင်းကို အရေးယူပေးရန် အတွက် လွှတ်တော်နှင့် တပ်မတော်တို့ထံ သြဂုတ်လ ၈ ရက်နေ့က စာပို့ တိုင်ကြားခဲ့သေးသည်။ သြဂုတ်လ ၉ ရက်နေ့တွင် စာနယ်ဇင်းကောင်စီ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
အဆိုပါ တွေ့ဆုံပွဲတွင် စာနယ်ဇင်းကောင်စီ၊ လွှတ်တော်၊ တပ်မတော်တို့ သုံးပွင့်ဆိုင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တပ်မတော်ဘက်မှ မတက်ရောက်ခဲ့ သဖြင့် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်း သတင်းထောက်အား ဆဲဆိုမှုအပေါ် တပ်မတော်ဘက်မှ သဘောထားကို သိရှိခဲ့ရခြင်း မရှိကြောင်း ဦးမြင့်ကျော်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သုံးပွင့်ဆိုင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ကြမ်းတမ်းသည့် ဆဲဆိုမှု ပြုလုပ်ခဲ့သော တပ်မတော်သား ကိုယ်စားလှယ်ဘက် ကို ရအောင်ခေါ်လာနိုင်ခြင်းမရှိဘဲ လုပ်ဆောင်သွားသော တွေ့ဆုံပွဲသည်လည်း ညီမျှမှုမရှိကြောင်း နေပြည်တော် လွှတ်တော်တွင် အမြဲတမ်း စောင့်ကြည့် သတင်းယူနေသည့် ဝါရင့် သတင်းထောက်တဦးက မှတ်ချက်ပြုပြောဆိုသည်။
၎င်းက “ဥပမာကလေး ၂ ယောက် ရန်ဖြစ်တဲ့ အခါမှာ တဖက်စောင်းနင်း ခံလိုက်ရတဲ့ ကလေးမိဘကိုခေါ်ပြီးတော့ ဟိုဘက်က ရန်စတဲ့သူ။ ခြိမ်းခြောက်တဲ့ သူရဲ့ မိဘကို ရအောင်မခေါ်ခြင်းဟာ လွှတ်တော်က ဘက်လိုက်တဲ့ ကျောင်းအုပ်လို ဖြစ်တဲ့ အတွက် ပြင်းထန်စွာရှုတ်ချပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကာယကံရှင် ဖြစ်သူ သတင်းထောက် ကိုမင်းမင်း က “ကျနော်တို့ အနေနဲ့က ဒီလိုမျိုးတွေ ထပ်ဖြစ်မှာစိုးလို့ တင်တာပေါ့လေ။ သူတို့ဘာလုပ်မလဲဆိုတာကို အခြေအနေ စောင့်ကြည့်နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိစ္စတွင် ကိုမင်းမင်းအနေဖြင့် သတင်းမီဒီယာများ၏ ကျင့်ဝတ်နှင့် အညီသတင်း ရယူခဲ့သော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်၏ ဆဲဆိုခံရမှုကြောင့် သတင်းမီဒီယာသမားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ သည်ဟု မဇ္ဈိမသတင်းဌာနဘက်က ပေးပို့သော တိုင်ကြားစာတွင် ရေးသားထားသည်။
ဗိုလ်ချုပ် တင်ဆွေဝင်းသည် စစ်တက္ကသိုလ် (ပြင်ဦးလွင်)မှ သိပ္ပံဘွဲ့နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ မဟာ ဝိဇ္ဇာ ဘွဲ့ (ကာကွယ်ရေး ပညာ)ဖြင့် ဘွဲ့ရထားသူ တဦးဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်အဆင့်နှင့် နေပြည်တော်တိုင်း စစ် ဌာနချုပ် ၌ အရန် အင်အားအဖြစ် တွဲဖက်ထားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ဗိုလ်ချုပ် တောက်ထွန်း အစား ရွေးချယ် ခံရသူတဦး ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန် – ဗိုလ်ချုပ်တဦး ၏ ဆဲဆိုမှု လွှတ်တော်နှင့် တပ်မတော်သို့ စာပို့ တိုင်ကြား