မြန်မာနိုင်ငံသည် သန့်စင်သော စွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တို့ ပေါကြွယ်ဝ နေသော်လည်း အသုံးချမှု နည်းပါးသောကြောင့် စွမ်းအင် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့ တဖွဲ့ ဖြစ်သည့် WWF က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ၏ လိုအပ်သည့် အနာဂတ် စွမ်းအင် ပြဿနာ အတွက် သန့်စင်သော စွမ်းအင်ကို အသုံးပြုရန် ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ – မြန်မာ အစီအစဉ် World Wildlife Fund – WWF Myanmar နှင့် ပညာရှင်များက တိုက်တွန်း ကြသည်။
WWF-Myanmar ၏ စွမ်းအင် ပရိုဂရမ် မန်နေဂျာ ကိုရွှန်းစိုဦး က“မြန်မာနိုင်ငံက နေချည်းပဲ သာတာ မဟုတ်ဘူး။ ရေအား ချည်းပဲ ရှိတာ မဟုတ်ဘူး။ Gas ချည်းပဲ ထွက်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အကုန်ရှိတယ် ဆိုတော့ နည်းပညာ အကုန်လုံးကို အသုံးချဖို့ တိုက်တွန်းချင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် သန့်စင်သော စွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တို့ ပေါကြွယ်ဝနေ သော်လည်း ကမ္ဘာ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှု အနည်းပါးဆုံး နိုင်ငံများထဲမှ တနိုင်ငံဖြစ်နေသဖြင့် နိုင်ငံသားတို့၏ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း တို့ကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည် သာမက ရင်းနှီးမြှုပ်နှံမှုများ ကိုပါ လျော့ကျစေကြောင်း WWF-Myanmar က ဆိုသည်။
မြန်မာနိုင်ငံတွင် လိုအပ်သော အနာဂတ် စွမ်းအင်များ အတွက် သန့်စင်သော စွမ်းအင် နည်းပညာ အသုံးပြုနိုင်ရန် နည်းလမ်းတကျ ဖိတ်ခေါ်မှုများ ပြုလုပ်ပါက ရင်းနှီးမြှုပ်နှံမည့်သူများ ရရှိနိုင်ကြောင်း ကိုရွှန်းစိုဦးက ပြောသည်။
နေ၊ လေနှင့် သဘာဝဓာတ်ငွေ့ အစရှိသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တို့မှ သန့်စင်သော စွမ်းအင်ကို ရရှိနိုင်ပြီး အဆိုပါ စွမ်းအင်မှ အချိန်တိုတိုအတွင်း လျှပ်စစ်ထုတ်လုပ်နိုင်ခြင်းနှင့် ငွေကြေး သက်သာခြင်းများကြောင့် သန့်စင် စွမ်းအင်ကို အသုံးပြုသင့်ကြောင်း ပညာရှင်များကလည်း တိုက်တွန်းကြခြင်း ဖြစ်သည်။
ထိုအချက်များအပြင် သန့်စင်သောစွမ်းအင်ကို အသုံးပြုပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများကိုပါ လျော့ကျ စေနိုင်ကြောင်းလည်း ပညာရှင်များက ဆိုသည်။
သဘာဝ ပတ်ဝန်းကျင် အရေး လုပ်ဆောင်နေသူ ဒေါ်ဒေဝီသန့်စင်က “မြန်မာနိုင်ငံဟာ ကိုယ့်ဟာနဲ့ ကိုယ်နေတဲ့ နိုင်ငံ မဟုတ်တော့ဘူး။ အာဆီယံထဲမှာလည်း တနိုင်ငံ ဖြစ်နေပြီ။ ပြီးတော့ အနောက်နိုင်ငံတွေနဲ့လည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံး ဆက်သွယ် လုပ်ကိုင်နေပြီ။ ကမ္ဘာကြီး ပူနွေးမှုကို လျှော့ချဖို့ နိုင်ငံတိုင်း လူတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြောင့် စွမ်းအင် ကဏ္ဍကို ဘယ်လို အသက်သာဆုံး သုံးမယ်။ လူတွေ မထိခိုက်အောင် ဘယ်လို သုံးမယ် ဆိုတာ ဆုံး ဖြတ်ဖို့ လိုတယ်” ဟု ပြောသည်။
ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း လေ့လာမှုများ အရ မြန်မာနိုင်ငံ အတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက် လျှင် အနည်းဆုံး လျှပ်စစ်မီး၂ နာရီခန့်သာ အသုံးပြုခွင့် ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံး ရရှိသည့် နိုင်ငံဖြစ် သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့် က ပြောသည်။
ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ လျှပ်စစ်နှင့် စွမ်းအင် ရရှိသုံးစွဲနေသည့် အခြေအနေကို ထုတ်ပြန် အသိပေးခြင်း အခမ်းအနား အပြီး မီဒီယာမျာအား အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ တိုင်းတာချက်များ အရ မြန်မာနိုင်ငံရှိ ၇၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများမှ ၃၀ ရာခိုင်နှုန်းသည် မဟာ ဓာတ်အားလိုင်း ပြင်ပမှ လျှပ်စစ်မီး ရရှိနေကြခြင်း ဖြစ်ကြောင်း၊ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်း အနက် ၃ ဒသမ ၂ သန်း သော အိမ်ထောင်စု များသည် လျှပ်စစ်မီးရရှိမှု အနိမ့်ဆုံး အဆင့်၌သာ ရှိနေကြောင်း သိရသည်။