အာရှဘက်ထရီ စီမံကိန်း စွန့်လွတ်ရန် လာအိုကို တိုက်တွန်း
လာအိုနိုင်ငံ အနေဖြင့် ဒေသတွင်းတွင် အဓိက လျှပ်စစ်ဓါတ်အား ပံ့ပိုးသော နိုင်ငံဖြစ်အောင်လုပ်ဆောင် မည့် အိပ်မက်မှ နိုးထရန် လိုကြောင်း ဝေဖန်သူများကပြောသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းမှ ရရှိသော အကျိုးအမြတ်သည် လာအိုနိုင်ငံသားများ ခံစား ရသော အသက် ဆုံးရှုံမှုများ၊ ဒုက္ခများနှင့် ပြန်လည် ပြင်ဆင်မရနိုင်သော သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် နှိုင်းယှဉ်ပါက အသေး အဖွဲမျှသာဖြစ်ကြောင်း ဇီပိန်း- ဇီနမ့်နွိုင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးရေကာတာမှ မကြာသေးမီက ကြေကွဲစရာဖြစ်ရပ်က အထင်အရှားပြသလိုက်သည်ဟု ကျွမ်းကျင်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများကပြောသည်။
ဘန်ကောက်ရှိ ခရစ်ယာန် ကျောင်းသားများဌာန – Christian Student Centre တွင် သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်သည့် အများပြည်သူ ဆွေးနွေး ပွဲတခုတွင် ၎င်းတို့က အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။
လာအိုရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အကြောင်း ဆွေးနွေးခဲ့သည့် ကျွမ်းကျင်သူများ အားလုံး တို့က လာအို၏ ရည်မှန်ချက်ကြီးမားလှသော အာရှဘက်ထရီ ဖြစ်လာရေး အစီအစဉ်သည် ကောင်းကျိုးထက် ဆိုးကျိုးကို သာ ပိုမိုဖြစ်ပေါ်စေကြောင်း သဘောတူကြသည်။
ထိုမူဝါဒမှ အဓိက အကျိုးခံစားကြရသူများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် လျှပ်စစ်ဓာတ်အား ကုမ္ပဏီများသာဖြစ်နေပြီး လာအိုနိုင်ငံသားများမှာ ဆည်များ၏ ဆိုးကျိုးများကို အများဆုံးခံစားရပြီး အကျိုးခံစားရခြင်း မရှိသလောက်ဖြစ်နေသည်ဟု ၎င်းတို့ကပြောသည်။
ပြည်ပစွမ်းအင်လုပ်ငန်းများနှင့် မျှတမှုမရှိသော ကုန်သွယ်မှုကို ပြုလုပ်မည့်အစား လာအိုအစိုးရသည် ပေးဆပ်မှုများစွာ ပြုလုပ်ရသည် ရေအားလျှပ်စစ် ရည်မှန်းချက်ကို စွန့်လွတ်ပြီး နိုင်ငံ၏ အားကောင်း ချက်များနှင့် ထူးခြားမှုများကို အခြေခံ သည့် ရေရှည် စီးပွားရေး သေနင်္ဂဗျူဟာများ ချမှတ်သင့် သည်ဟု ပါဝင်ဆွေးနွေးသူ တဦးက အကြံပြုသည်။
နိုင်ငံနှင့် ဒေသခံပြည်သူများ အကျိုးများစွာခံစားရမည်ဟူသည့် ရေအားလျှပ်စစ်ဆည် တည်ဆောက် သူများ၏ ပြောကြား ချက်များသည် လာအိုရှိ ရေအားလျှပ်စစ်ဆည်များမှ ရရှိသော အထောက်အထား များနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ဟု ချင်းရိုင်ရှိ ချင်းခေါင် ဒေသမှ ပညာရှင်နှင့် ထင်ရှားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား နီဝပ် ရွိုင်ကွေ့ ကပြောသည်။

“သူတို့ရဲ့စီမံကိန်းတွေက ရေအားကနေ လျှပ်စစ်အခမဲ့ ထုတ်လုပ်ပေးပြီး ဒေသတွင်းစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အထောက်အကူပြုမယ်။ ရေလွှမ်းမိုးမှုတွေ၊ မိုးခေါင်ရေရှားမှုတွေကို ကာကွယ်ဖို့ ရေစီမံခန့်ခွဲမှုစနစ်လည်းဖြစ်တယ်လို့ ဆည်တည်ဆောက်သူတွေက အမြဲပြောကြတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက ဒဏ္ဍာရီပုံပြင်တွေသာဖြစ်တယ်။ မဲခေါင်မြစ် အထက်ပိုင်းမှာ ဆည်တွေအများကြီး တည်ဆောက်ပြီးတာတောင်မှ အောက်ဖက်ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေတုန်းပဲ။ ဆည်တွေ ကနေ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကြောင့် မမြင်နိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု တန်ဖိုးပေး ဆပ် ရတာတွေရှိတာကိုလည်း သူတို့ ဝန်မခံချင်ကြဘူး” ၎င်းကပြောသည်။
ဆည်များတည်ဆောက်ခြင်းသည် မြစ်၏ ပတ်ဝန်းကျင်ကို အကြီးအကျယ်ပြောင်းလဲသွားစေပြီး သဘာဝပတ်ဝန်းကျင်ကို တဖြည်ဖြည်း အဆင့်လျှောကျစေကာ မြစ်၏ ဂေဟစနစ်ကို စုပြုံပျက်ဆီး စေပြီး မြစ်တွင် ဂေဟစနစ်ဆိုင်ရာ ကပ်ဘေး ဖြစ်ပြီး၊ မြစ်၏ ဂေဟစနစ် သေဆုံးသွားခြင်းသည် ကောင်းမွန်သော ဂေဟစနစ်၏ ရင်းမြစ်များအပေါ်မှီခိုနေရသော မြစ်ကြောင်း တလျှောက်ရှိ ဒေသခံ အသိုင်းအဝန်းများ၏ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှုကိုလည်း အကြီးအကျယ် ထိခိုက်စေသည်ဟု လည်း သူကဆက်ပြောသည်။
“ဒီရေအားလျှပ်စစ် သေနင်္ဂဗျူဟာကို ဆက်လုပ်ဖို့ ဆည်တည်ဆောက်သူတွေ ဆက်လက် တောင်းဆို နေတဲ့ တခုတည်း သော အကြောင်းက သူတို့တွေဟာ ဒီမူဝါဒကနေ အကျိုးအမြတ် အများဆုံးခံစား နေရလို့ပဲ။ လာအိုနိုင်ငံ ရေအားလျှပ်စစ်မှာ အလွန်အကျွံ ရင်းနှီး မြှုပ်နှံခြင်းဟာ ချမ်းသာပြီးသား သူတွေကို ပိုမိုချမ်းသာအောင်လုပ်ပေနေတာပဲဖြစ်မယ်” ဟုလည်း နီဝပ်ပြောသည်။
ဇီပိန်း- ဇီနမ်နွိုင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာမှ ဖြစ်ရပ်ဆိုးသည် လာအိုရှိ ရေအား လျှပ်စစ်ဆည်များ၏ အန္တရာယ်နှင့် ပတ်သက်၍ လက်ရှိအချိန်အထိ အရှင်းလင်းဆုံး ဥပမာဖြစ် ကြောင်း၊ ထိုကြေကွဲစရာဖြစ်ရပ်သည် သဘာ၀ ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားသော ဖြစ်ရပ်မဟုတ်ဘဲ လူ့အမှားကြောင့်ဖြစ်ကြောင်း လာအိုဆည်များရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး ပရီမယူဒီ ဒေါင်ရန်ကပြောသည်။
“ကုန်ကျစရိတ် တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်လို့ ဒီဆည်ကို ခပ်ညံ့ညံ့ တည်ဆောက်ခဲ့တယ်။ ဆည်မှာ ပျက်စီးနေတဲ့ လက္ခဏာကို သူတို့သိနေတာတောင် ဆည်တည်ဆောက်သူတွေက ဆည် အောက်ဖက်မှ နေထိုင်သူတွေကို ကြိုတင်သတိ ပေးတာလည်း မရှိဘူး။ ဒီ့အပြင် ဆည်ကျိုးတော့ ရုတ်တရက်ရေလွှမ်းမိုးမှုတွေဖြစ်တာ ကမ္ဘောဒီးယား နယ်စပ်တလျှောက် က ကျယ်ပြန့်လှတဲ့နေရာ တွေမှာပါ ထိခိုက်မှုတွေရှိတယ်။ ဒါကြောင့် မြစ်တွေမှာ တည်ဆောက်မှု အကြီးစားစီမံကိန်းတွေ လုပ် တိုင်း နယ်စပ်ဖြတ်ကျော် ထိခိုက်မှု အကဲဖြတ်ချက်ပြုလုပ်သင့်တယ်” ဟု ပရီမယူဒီး ပြောသည်။
“မဲခေါင်မြစ်ကို ကယ်တင်ပါ” အမည်ရှိ အဖွဲ့ကလည်း ဇီပိန်း- ဇီနမ့်နွိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများနှင့် ချေးငွေထုတ်ပေးသူများအတွက် ကြေညာချက် တစောင်ကို အထက်ပါဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။
ထိုကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်အတွက် တာဝန်ယူမှုရှိရန်နှင့် ဆည်ကျိုးသောကြောင့် ထိခိုက်နစ်နာရသူများအားလုံးကို အပြည်အ၀ လျှော်ကြေးပေးရန်တို့ကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် မဲခေါင်ဒေသမှ စိတ်ပါဝင်စားသော နိုင်ငံသားများဖြင့် ဖွဲ့စည်းထား သည့် ထိုအဖွဲ့က တောင်းဆိုသည်။
The Nation သတင်းစာယ်ဒီတာ ဆူပလက် ဂန်ဂျန်နာ ခွန်ဒီးကလည်း ရေအားလျှပ်စစ် ရင်းနှီးမြှုပ်နှံ မှု များကြောင့် လာအိုနိုင်ငံ ကြုံတွေ့ နေရသော ပြဿနာများ၊ လက်ရှိ ဒေသတွင်း လျှပ်စစ်ဓတ်အား ထုတ်လုပ်မှုအခြေအနေနှင့် ဓာတ်အားလိုအပ်ချက် ကြိုတင်ခန့်မှန်းရာတွင် မတိကျမှုများကို ထောက်ပြခဲ့သည်။
ထိုပြဿနာများကြောင့် လာအိုနိုင်ငံအနေဖြင့် အိမ်နီးခြင်း နိုင်ငံများ၏ လျှပ်စစ်ဓါတ်အား လိုအပ် ချက်ကို ဖြည့်ဆည်းရန် ရေအားလျှပ်စစ်တွင် ရင်းနှီးမြှုပ်နှံမည့် ရည်မှန်းချက်သည် လက်တွေ့ မကျကြောင်းနှင့် ဘာဏ္ဍာရေးအရ ကျိုးကြောင်း ဆီလျှော်မှုလည်း မရှိကြောင်း ဆူပလက် ပြောသည်။
သို့သော် လာအိုအစိုးရသည် ရေအားလျှပ်စစ် သေနင်္ဂဗျူဟာကို ပြန်လည်သုံးသပ်မည်ဟု မကြာသေးမီ ကကြေညာ ခဲ့သောကြောင့် ၎င်း၏ အာရှဘက်ထရီ စီမံကိန်းဆိုင်ရာ ပြဿနာများကို နားလည်ကြောင်း ဆူပလက် ပြောသည်။
လာအိုအစိုးရသည် တိုင်းပြည်စီးပွားရေးတိုးတက်ရန်နှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရန်အတွက် အခြားစီမံကိန်းများကို ရွေးချယ်လာနိုင်ကြောင်းလည်း သူပြောသည်။ လာအိုသည် သေးငယ်သော နိုင်ငံဖြစ်သော်လည်း လူမျိုးစုများစွာ၏ ထူးခြားစုံလင်သော ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝ ကြောင်းသူပြောသည်။ ထိုသို့သော အားကောင်းချက်များကို ထည့်သွင်းစဉ်းစားပြီး လာအို သည် အချိန်တိုအတွင်းတွင် ကျော်ကြားသော သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်း ဗဟိုချက် ဖြစ်လာနိုင်ကြောင်း သူပြောသည်။