နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယခု မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများ ပါနေ၍ တပ်မတော်သို့ ရဟတ်ယာဉ် အကူအညီ မတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် ပခုက္ကူ Peace Talk အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ်ဖြင့် ပုပ္ပားတောင် ခြေရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ ပါချုပ် ဆရာတော် အရှင် နန္ဒမာလဘိဝံသ မွေးရပ်မြေ စဉ့်ကူမြို့နယ် ညောင်ပင်ရွာရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာကြည့်တိုက်၊ စစ်ကိုင်း ရဲသင်တန်းကျောင်းနှင့် မန္တလေးလေဆိပ်များသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “ခရီးစဉ်သွားတဲ့ ရည်ရွယ်ချက်က အဓိကကတော့ ညောင်ပင်ရွာဆိုရင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း စာကြည့်တိုက် ဖွင့်ပွဲ လုပ်တယ်။ နောက်ပါချုပ် ဆရာတော်ကိုလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတယ်။ သွားတဲ့ ခရီးစဉ်တွေက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကိစ္စရပ်တွေ ဖြစ်နေတယ်။ အစိုးရ ကိစ္စရပ် မဟုတ်ဘူး။ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့လည်း ရဟတ်ယာဉ် မတောင်းတော့ဘူး” ဟု ပြောသည်။
ထို့ပြင် ရဟတ်ယာဉ် ဆင်းမည့် နေရာတချို့မှာလည်း ရေမြုပ်နေပြီး ခရီးစဉ်နီးမှ ဖောက်လုပ်ရသည့် ကွင်းများမှာလည်း မြေသား ပျော့ခြင်း၊ ရာသီဥတု မကောင်းခြင်းတို့ကြောင့် တပ်မတော်ပိုင် MI -17 ယာဉ်များ ဆင်းနိုင်ရန် အဆင်မပြေကြောင်း၊ ထို့ကြောင့် ရဟတ်ယာဉ် အသေးကို အသုံးမပြုခြင်း ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ပုဂ္ဂလိက ရဟတ်ယာဉ်ဖြင့် ခရီးသွားနေသည့် ပုံများ လူမှုကွန်ရက်သို့ တက်လာ သည့်အခါ တပ်မတော်နှင့် ဆက်ဆံရေး မကောင်း၍ တပ်မတော် ရဟတ်ယာဉ် မသုံးရကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံး ညွှန်ချုပ်က ပြောသည်။
“တပ်မတော် ရဟတ်ယာဉ် မသုံးတာနဲ့ ပတ်သက်ပြီးတော့ ပြောနေတာပေါ့နော်။ ကျနော်တို့ အစိုးရဘက်က မတောင်းတာ။ တပ်မတော်နဲ့ ဆက်ဆံရေး မကောင်းလို့ မဟုတ်ဘူး။ တပ်ဘက်ကိုလည်း ကြိုပြောထားတယ်။ အတိုင်ပင်ခံရဲ့ ခရီးစဉ်က ဒီအတိုင်းသွားတယ်။ မြေပြင် အနေအထားအရ မတောင်းတော့ ဘူး။ တပ်ဘက်ကတော့ မေးပါတယ်။ ကမ်းလှမ်းတယ်။ သူတို့ဘက်က ရဟတ်ယာဉ်သုံးဖို့ ပြောတယ်။ ကျနော်တို့ဘက်က မသုံးတော့တာ” ဟု ဦးဇော်ဌေး က ရှင်းပြသည်။
ပါချုပ် ဆရာတော်ကြီး အရှင် နန္ဒမာလဘိဝံသမှာလည်း မေမြို့မှ ရက္ကန်းစင်တောင်သို့ ကြွရောက်ရာတွင် ယခု ရဟတ်ယာဉ်ကိုပင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခု အတိုင်ပင်ခံ၏ ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေ၍ အစိုးရက ယခု ရဟတ်ယာဉ်ကို ဆက်လက် သုံးလိုက်သည့် သဘောဖြစ်ကြောင်းလည်း သိရသည်။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ “ကျနော်လည်း ချင်းပြည်နယ်ကို သမ္မတဦးသိန်းစိန်နဲ့ လိုက်ဖူးတယ်။ ရဟတ်ယာဉ် စီးရတာ သိပ်ပြီးတော့ မလုံခြုံဘူး။ တတ်နိုင်သမျှ ရှောင်သင့်တယ်။ သူတို့ အနေနဲ့ သွားမယ်ဆိုရင်လည်း နိုင်ငံတော်ကနေ သပ်သပ် ကောင်းကောင်း စိတ်ချလုံခြုံတဲ့ ရဟတ်ယာဉ်မျိုး ရှိသင့်တာပေါ့။ အစိုးရအနေနဲ့ ရှိသင့်တယ်။ တပ်မတော်ကိုပဲ လှမ်းလှမ်းပြီး အားကို နေရတာမျိုးက မဖြစ်သင့်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စဉ့်ကူးမြို့နယ် ညောင်ပင်သာရွာတွင် ကျေးလက် စာကြည့်တိုက်ဖွင့်ပွဲနှင့် ပါချုပ်ဆရာတော်ကို ဖူးမြော်သည့်နေရာတွင် အတိုင်ပင်ခံ အသုံးပြုသွားသည့် စက်လှေမှာ အလွန်သေးငယ်ပြီး လုံခြုံမှု မရှိနိုင်သဖြင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။
“ညောင်ပင်သာရွာမှာ နတလကျောင်း စကြည့်တိုက်ဖွင့်တော့ မိုးကရွာတယ်။ အဲဒီအချိန်မှာ မိုးကသဲနေတော့ ရဟတ်ယာဉ်က ရက်က္ကန်း စင်တောင်ကို မမြင်ရဘူး။ မမြင်ရတော့ မပေးဘူး။ ဟိုဘက်မှာက ပါချုပ် ဆရာတော်ကို ဆွမ်းကပ်ဖို့ ရှိတယ်။ ၁၁ နာရီ ဆွမ်းကပ်အမီကို ဘာနဲ့သွားရမလဲ စဉ်းစားတဲ့အခါ စက်လှေနဲ့ စီစဉ်ပြီးတော့ သွားလိုက်ရတာ။ Plan B ပေါ့။ ဒါက တိုင်းဒေသကြီးဘက်က စီစဉ်ထားတာ”ဟု ဦးဇော်ဌေး က ပြောသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း စကားဝိုင်း ၂ ခု၊ ရဲသင်တန်းကျောင်း သို့ လေ့လာခြင်း၊ ဘုရားကြီးသို့ ဖူးမြော်ခြင်း၊ မန္တလေး လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်သို့ တက်ရောက်ခြင်း၊ ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။