သတင်း

ဖားကန့်က ရေမဆေးလုပ်သားများကို ပြန်လည်ထူထောင်ရေး လုပ်ပေးရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ဖားကန့်ရှိတရားမဝင် ရေမဆေးကျောက် ရှာဖွေနေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မူးယစ်ဆေး၊ ကျန်းမာရေးပြဿနာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ပြောသည်။

ဦးခင်လတ်ကြီး က “အခုလက်ရှိတော့ ပြည်ထောင်စုကရော၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရောပေါင်းစပ်ပြီး လုပ်နေပြီ။ စီမံဖို့ကိုဘာတွေ ဘယ်လိုတွေထည့်မယ်ဆိုတာတွေ လုပ်နေပြီ” ဟု ပြောသည်။

ရေမဆေးသမားများအတွက် ၎င်းတို့ ကျွမ်းကျင်သည့်ကဏ္ဍအလိုက် တရားဝင်ခွင့်ပြုမိန့်ရ ကုမ္ပဏီများ၌ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးရန် တို့ကိုလည်းဆောင်ရွက်ရန်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေရအောင်၊ အခုလက်ရှိဆို စစ်ကိုင်းတိုင်း၊ ခန္တီးမှာ လက်လုပ်လက်စား လုပ်ကွက်တွေ စချပေးနေတာရှိတယ်။ ဖားကန့်မှာ အလားတူလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ဒါကိုစီမံနေပါတယ်” ဟု ဦးခင်လတ်ကြီးက ပြောသည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ နိုင်ငံ၏ အနယ်နယ်ရပ်မှ လာရောက်လုပ်ကိုင်သူအများအပြား ရှိနေပြီးမူးယစ်ဆေးမှုများနှင့် ၎င်းနှင့် ဆက်နွယ်သော ခိုးမှု၊ ရိုက်မှု၊ လူသတ်မှုစသည်ဖြင့် ဒုစရိုက်မှုများစွာရှိနေကြောင်း၊ အစိုးရအနေဖြင့် ယင်းအစီအစဉ်ကို အကောင် အထည်ဖော်ရန် မလွယ်ကူဘဲ ကြိုးစားရမည့်အနေအထားဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု NLD ရပ်ကျေးဥက္ကဋ္ဌ ဦးလောခန် က “ဒီမှာအကောင်အထည် ဖော်ဖို့ကတော့ ခက်မယ့် အလား အလာ ရှိတယ်။ မူးယစ်ရမ်းကားတာတွေရော၊ ဆေးစွဲတာတွေရော လူကောင်းတွေ ချည်းမှ မဟုတ်တာ။ ပြောစကား နားထောင်ကြမယ့်သူတွေ မဟုတ်ဘူး” ဟု ပြောသည်။

ဖားကန့် ဒေသခံ တဦးကလည်း “ရေမဆေးသမားတွေကို စည်းရုံးဖို့ဆိုတာ အင်မတန်မှ ခက်ခဲတာ။ တချို့က လခစား မလုပ်ချင်တော့ ကုမ္ပဏီမှာလည်း မလုပ်လောက်ဘူး။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ချင်ကြတာ။ လက်လုပ်လက်စားနဲ့ တပိုင်တနိုင် လုပ်ကွက် ချပေးရင်တော့ မဆိုးပါဘူး” ဟု ဆိုသည်။

ဖားကန့်တွင် တရားမဝင်ရှာဖွေနေသည့် ရေမဆေးသမားများနှင့် ပတ်သက်ပြီးဥပဒေမဲ့ လုပ်ရပ်များရှိနေသည့် အတွက် ယင်းကိစ္စများကို ထိန်းသိမ်းနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အချက်တို့ကိုလည်း ထည့်သွင်းဆောင်ရွက်မည်ဟု အစိုးရဘက်ကပြောသည်။

“တချို့လည်း နေရပ်ပြန်ချင်တာ ရှိတယ်။ ပြန်ချင်တဲ့သူလည်း ပြန်နိုင်အောင် စီမံပေးရမှာဖြစ်တယ်။ နောက်တခါ ဒီထဲမှာ ကျန်းမာရေး မကောင်းတာရှိမယ်။ မူးယစ်ဆေးစွဲတာရှိမယ်။ တချို့လည်း ရောဂါတွေ မျိုးစုံရှိနိုင်တယ်။ HIV တွေ ဘာတွေလည်း ရှိချင်ရှိမယ်။ ဒါလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာလည်းရှိပါတယ်” ဟု ဦးခင်လတ်ကြီးက ပြောသည်။

လက်ရှိတွင် အထက်ပါလုပ်ငန်းများဆောင်ရွက်ရန် စတင်အစီအစဉ်ဆွဲနေဆဲ အနေအထားတွင် ရှိနေပြီး စတင်အကောင်အထည် ဖော်နိုင်မည့် ကာလကို လတ်တလော ပြောကြားနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံဒေသ အသီးသီးမှ လာရောက်ကာ ရေမဆေးကျောက် ရှာဖွေသူ ၂ သိန်းနှင့် အထက်ရှိပြီး မြေစာပုံပြိုခြင်းကြောင့် လူအများအပြား သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading