သတင်း

မန္တလေး လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဝေဖန်ခံနေရ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အတွင်း ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)သို့ ဒေသတွင်း လူငယ်အဖွဲ့အစည်းများ တက်ရောက်ပါဝင်ခွင့်မရှိသည့်အပေါ် လူငယ်အဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်း၍ စီစဉ်သူများအား ကန့်ကွက်ရံှု့ချကြောင်း သဘောထား ထုတ်ပြန်ချက်ကို သြဂုတ်လ ၁၁ ရက်နေ့ မွန်လွဲပိုင်းက ထုတ်ပြန် ခဲ့သည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ လူငယ်များကို ထည့်သွင်း စဉ်းစားမှု မရှိခြင်း၊ အရပ်ဘက် လူငယ်အဖွဲ့အစည်းများအား အသိအမှတ်မပြု လစ်လျူရှုထားခြင်း၊ တာဝန်ရှိသူ များက ပွဲစီစဉ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း စသည့်အချက်များကြောင့် ပွဲတော်စီစဉ်သူများအား လူငယ်အဖွဲ့အစည်း များမှ ကန့်ကွက်ရံှု့ချရခြင်းဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံးမှ ကိုကျော်ဇင်သန့် က “ပွဲတော်ကို ကျနော်တို့ ကြိုဆိုတယ်၊ ပွဲစီစဉ်သူတွေကို ရံှု့ချတာဖြစ်တယ်၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ပေမယ့် ဌာနဆိုင်ရာ ပြခန်းတွေနဲ့ စာအုပ်ဆိုင်တွေများနေတယ်၊ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ၊ လူငယ်တွေ ဦးဆောင်တဲ့ပြခန်းတွေ၊ တစ်ခုမှ မတွေ့ရဘူး၊ နောက် လူငယ်စွန့်ဦး တီထွင်သူတွေရဲ့ လှုပ်ရှားမှုတွေ မပါဘူး၊ ဆွေးနွေးပွဲဆိုရင်လည်း တက္ကသိုလ် အသီးသီးက လူငယ်တွေပဲပါတယ်၊ အပြင်အရပ်ဖက် လူငယ်တွေ မပါဘူး ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်ကို နိုင်ငံတော်အဆင့် အသိအမှတ်ပြု ဖွဲ့စည်းထားသည့် မန္တလေးတိုင်းဒေသကြီး လူ ငယ်ရေးရာ ကော်မတီမှ လူငယ်ကိုယ်စားလှယ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံး၊ Peace, Development & Civic Engagement ၊ Youth Champion ၊ Thazin Youth Network ၊ Youth Network Pyin Oo Lwin ၊ Future Star Madaya ၊ Awaken Buddhist Youth ၊ Madaya Youth Network ၊ FLAG Youth ၊ Kyaukse Youth Network ၊ Meikhtila Youth Network တို့ ပူးပေါင်း၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်းတွင် နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်သက်ပြီး လှုပ်ရှားနေသည့် အရပ်ဘက်လူငယ် အဖွဲ့အစည်းများ၊ လူငယ်ကွန်ရက်များ ရှိသော်လည်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပါဝင်ခွင့် မရခဲ့ကြောင်း ဖိတ်ခေါ်၊ ကမ်းလှမ်းမှုများမရှိဘဲ လစ်လျူရှုထားခြင်းကြောင့် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်ကော်မတီရေးရာ ကော်မတီ တိုင်းဒေသကြီး ကိုယ်စားပြု ပြည်ထောင်စု ကိုယ်စားလှယ် စူးရှရှင်းသန့်က ပြောသည်။

စူးရှရှင်းသန့်က “လွတ်လပ်သော အဖွဲ့အစည်းက လူငယ်တွေရဲ့ ကြိုးစားအားထုတ်ထားမှုတွေကို ပြသခွင့်မရတာ၊ နောက် ပွဲစီစဉ်သူတွေက ပွဲနဲ့ပက်သက်ပြီး အင်ဖော်မေး ရှင်းကို အချိန်နဲ့တပြေးညီ ထုတ်ပြန်မပေးကြတာတွေကြောင့်လည်း သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်တာပါ” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး လူငယ်ကော်မတီရေးရာကော်မတီ အတွင်းရေးမှူး ကိုလင်းသီဟ ကလည်း “ပထမအချက်က နိုင်ငံ တော်အတိုင်ပင်ခံ စကားဝိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းက လူငယ်တွေ ပါဝင်ခွင့်မရတာ၊ နောက်တခုက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်လို့ပြောပြီး တက္ကသိုလ် ကျောင်းတွေပဲ အဓိကပါဝင်တာ၊ အရပ်ဘက်လူငယ်တွေအတွက် ပါဝင်ရမယ့် အ ခန်းကဏ္ဍမရှိတာ၊ ပြခန်းတွေမှာလည်း ဌာနဆိုင်ရာပြခန်းနဲ့ စာအုပ်အရောင်းဆိုင်တွေပဲ များနေပြီး လူငယ်တွေနဲ့ ပက်သက်တဲ့ ပြခန်းတွေပါဝင်နိုင်မှု မရှိတာ၊ စကားဝိုင်းမှာလည်းပဲ ပရိသတ်အဖြစ် တက်ရောက်ဖို့တောင် ဖိတ်ကြားခံရ သူတွေပဲ တက်ရောက်ခွင့်ရှိတာတွေကြောင့် သဘောထားထုတ်ပြန် လိုက်တာပါ”ဟု ပြောသည်။

လူငယ်ရေးရာကော်မတီများကို မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒအရ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် လက်မှတ်ရေးထိုး အ တည်ပြုထားချက်အရ ၂၀၁၈ ခုနှစ် မတ်လမှ စတင်ကာ တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူငယ်ရေးရာ ကော်မတီများ ဖွဲ့စည်းခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက ၄၀ ရာခိုင်နှုန်း လူငယ် ၆၀ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထား ကြကြောင်း သိရသည်။

“အဓိကလူငယ်ဖွံ့ဖြိုးရေးလို့ပြောရင် အလွှာမျိုးစုံ ပါဝင်နိုင်ဖို့အတွက် စဉ်းစားပေးသင့်တာမှာ ထည့်သွင်းစဉ်းစား ပေးထားတာ မရှိတဲ့အပြင် တက္ကသိုလ် ကျောင်းတွေမှာတောင် ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍတောင် ပါလာတာမတွေ့ရပါဘူး၊ အခုလို နိုင်ငံတော်အဆင့် ပွဲတော်ကြီးမှာ အရပ်ဘက်လူငယ်အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်နိုင်မယ်ဆိုရင် ပိုကောင်မယ် လို့ မြင်မိပါတယ်”ဟု ကိုလင်းသီဟ ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကို ၂ဝ၁၈ ခုနှစ် မတ်လအတွင်းက ရွေးကောက်ပွဲများပြုလုပ်၍ ဖွဲ့စည်းခဲ့ ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ် က ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ အစိုးရက တရားဝင်ဖွဲ့စည်းပေးထားသည့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အပါအဝင် အရပ်ဘက်လူငယ်အဖွဲ့အစည်းပေါင်း ၃၀ ကျော်ရှိပြီး သဘောထားထုတ်ပြန်ချက်နှင့် ပက်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးသို့ ယခုကိစ္စနှင့် ပတ်သက်ပြီး သဘောထားကြေညာချက်များ ဆက်လက် တောင်းခံသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံးမှ ကိုကျော်ဇင်သန့်က ဆက်လက် ပြောသည်။

ကိုလင်းသီဟ ကလည်း “သဘောထားထုတ်ပြန် ချက်အရ လူငယ်ရေးရာမူဝါဒအရ ဖွဲ့စည်းထားတဲ့ လူငယ်ကော်မတီကနေတဆင့် သဘောထား သုံးသပ်ချက်ပြန်လည် ပေးဖို့အတွက် တိုင်းလွှတ်တော်ကို တင်ပြသွားပါမယ်၊ နောက်တခုက အခုကိစ္စနဲ့ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲလည်း လုပ်သွားဖို့ စီစဉ်နေပါတယ်၊ အရပ်ဘက်လူငယ်အဖွဲ့အစည်းတွေအနေနဲ့ လက်ရှိအချိန်မှာ အချို့ အစိုးရလုပ်လို့ မရနိုင်တဲ့ ကိစ္စတွေကို လူငယ်အဖွဲ့အစည်းတွေ လုပ်နေကြတာအများကြီးရှိပါတယ်၊ အခုလို လူငယ်ဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ အရပ် ဘက်လူငယ်တွေကို ချန်ထားခဲ့လို့ မရပါဘူး”ဟု ပြောသည်။

အဆိုပါပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လူငယ်များက သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး “ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ လူငယ်ပွဲတော် နွှဲပျော်စို့” ဆောင်ပုဒ်နှင့်အညီ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်မှ ကြီးမှူး၍ မန္တလေးမြို့တွင် သြဂုတ်လ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျင့်ဝတ်တန်ဖိုးများ အချင်းချင်း ပြန်လည် မျှဝေနိုင်ရန်နှင့် အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်မြှင့်တင်နိုင်ရေး၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား လူငယ်များ ကိုယ်တိုင် အတွေ့အမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဖွင့်ပွဲနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၂၀ ဦးတို့ မန္တလေးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ တွေ့ဆုံ၍ ရသစာပေအကြောင်း စာပေစကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ သည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် လူငယ်များလေ့လာစရာ ပြခန်းပေါင်း ၂၀၇ ခန်းနှင့် စာအုပ်အရောင်းဆိုင် ၁၁၇ ဆိုင် ပါဝင်ပြသ ထားပြီး အပန်းဖြေ အားကစားပြိုင်ပွဲများ၊ စာပေ ဟောပြောပွဲများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများ၊ အသိပညာပေး ပြဇာတ်များ၊ အနုပညာ ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ ပထမဆုံးကျင်းပခဲ့ပြီး မန္တလေးမြို့တွင် ဒုတိယ အကြိမ်အဖြစ် ကျင်းပခြင်းဟု သိရသည်။

Loading