သတင်း

ကျောင်းပိုင်မြေအငြင်းပွားမှု ဖမ်းဆီးခံကျောင်းဆရာကို အာမခံပေး

Want create site? Find Free WordPress Themes and plugins.

ဒေးဒရဲမြို့နယ်၊ လေးကျေးရွာ ကျောင်းပိုင်မြေအငြင်းပွားရာမှ ဖမ်းဆီးခံထားရသည့် ကျောင်ဆရာ ဦးမြင့်သိန်းနှင့် ကျောင်း အကျိုးတော်ဆောင် ဦးခင်စိန်တို့အား ယနေ့သြဂုတ် ၁၃ ရက်နေ့ရုံးချိန်းတွင် ဒေးဒရဲမြို့နယ်တရားရုံး က အာမခံပေးကာ လွှတ်ပေးလိုက်သည်။

၎င်းတို့နှစ်ဦးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့တွင် စာရွက်စာတမ်းများ အတုပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် ဖမ်းဆီး အချုပ်ချခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ ၂ ဦးအတွက် မိတ်ဆွေ ၄ ဦးက တဦးလျင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် သိန်းပေါင်း ၁၂၀၀ ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။

ကျောင်းဆရာ ဦးမြင့်သိန်း က “ကျနော်တို့ ဘာမှမသိဘဲ ခံလိုက်ရတာ၊ အမှုကိုအမှန်တရားပေါ်ပေါက်အောင် ဝိုင်းဝန်ကူညီပေးကြပါ” ဟု တရားရုံးမှ ပြန်အတွက်တွင်ပြောသည်။

ကျောင်းပိုင်မြေ (လန ၃၉) လျှောက်ထားမှုတွင် ၎င်းတို့အနေဖြင့် လိမ်လည်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဦးခင်လတ်ဆိုသူက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဒေးဒရဲမြို့နယ်၊ ကျုံဒါးနယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

စခန်းအနေဖြင့် သြဂုတ် ၂ ရက်နေ့တွင် ဦးမြင့်သိန်းနှင့် ဦးခင်စိန်တို့အား စစ်ဆေးရန်ရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ကြောင်း ပညာရေးဌာနထံ ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိဘဲ ကျောင်းဆရားတဦးအား လက်ထိပ်ခတ်ဖမ်းဆီးခဲ့သည်ဟုဆိုကာ ကန့်ကွက် ရှုတ်ချသည့်အနေဖြင့် ယမန်နေ့သြဂုတ် ၁၂ ရက်နေ့ကလည်း ဒေးဒရဲမြို့ပေါ်တွင် ဆရာ/ဆရာမများ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဆရာမဒေါ်သင်းနုဆွေ က “ဒီအမှုကို သေသေချာချာ လိုက်ဖတ်တယ်၊ ကိုယ့်ပညာရေးဝန်ထမ်းဘက်က မှန်နေလို့ ဒီဆန္ဒပြပွဲကိုလာခဲ့တာ၊ အမှန်တရားကို မဖော်ထုတ်ဘဲ ဒီလိုလုပ်ဆောင်ခံနေရတာကို ခံပြင်းမိတယ်၊ ဝန်ထမ်း တယောက် အနေနဲ့ စိတ်မကောင်းလဲ ဖြစ်မိတယ်” ဟုပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို လေးကျေးရွာခံများအပါအဝင် အင်အားလေးရာခန့်ပါဝင်ခဲ့ပြီး ကျောင်းမြေအား လယ်ယာမြေဥပဒေတွေနဲ့ ညီမညီ စစ်ဆေးပေးဖို့၊ အဂတိလိုက်စားမှုရှိမရှိ စစ်ဆေးပေးဖို့နဲ့ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၆၅ ကိုလိုက်နာ ဆောင်ရွက်ကြဖို့ စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပညာရေးမှူး ဒေါ်တင်အုန်း က “ဒီမြေတွေက ပုံစံ ၁၀၅ ကို တိုင်ကြားသူ ကိုယ်တိုင် လျှောက်ထားခဲ့တာ၊ အဲ့ဒါကို နိုင်ငံတော်က ပေးအပ်တဲ့တာဝန်နဲ့ သူက(ဦးမြင့်သိန်း) လ/န ၃၉ လျှောက်ခဲ့ရတာ၊ ဘာမှလိမ်လည်တာမရှိဘူး၊ ကျမအမြင် ကတော့ ဒါဟာ မတရာသက်သက်ပါပဲ” ဟု ပြောသည်။

အငြင်းပွားသည့် ကျောင်းပိုင်မြေ ၆ ဧကခန့်အား တိုင်းကြားသူ ဦးခင်လတ်ကိုယ်တိုင် ၂၀၀၁ ခုနှစ်တွင် ကျောင်းမြေနေရာပြအဖြစ် ပုံစံ ၁၀၅ လျှောက်ထားရယူခဲ့ဖူးသည်။ ယင်းအချိန်တွင် တိုင်ကြားသူ ဦးခင်လတ်မှာ ကျောင်းကော်မတီဥက္ကဋ္ဌ ဖြစ်ပြီး ဦးမြင့်သိန်း မှာ ကျောင်းအုပ်ကြီးဖြစ်သည်။

ယင်းနောက်ပိုင်း အလယ်တန်း တွဲဖက်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားချိန်တွင် တိုင်ကြားသူ ဦးခင်လတ်၏ အကိုဖြစ်သူမှ ကျေးရွာမှငှားရမ်းသည့် ကျောင်းဆရာအဖြစ် အလယ်တန်းတွဲဖက်ကျောင်းအား အုပ်ချုပ်လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ရွာခံများကပြောသည်။

ယင်းသို့ဖွင့်လှစ်သင်ကြားချိန်တွင် ကျောင်းသူ/သားများအနေဖြင့် ကျောင်းလခများပေးကာ တက်ခဲ့ရကြောင်း လေးရွာကျောင်းတွင် တက်ခဲ့ဖူးသူတဦးကပြောသည်။

ယင်းနောက်တွင် ပုံစံ ၁၀၅ ရရှိပြီးသည့် မြေနေရာအား ကျောင်းအုပ်ကြီး ဦးမြင့်သိန်းက ဌာန၏ လမ်းညွန်ချက်ဖြင့် လ/န ၃၉ ရရှိရေးကို ဆက်လက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းကော်မတီဝင် ဦးခင်ဇော် က “သူစားရမယ့် ကိစ္စလဲမဟုတ်ဘဲ ကျောင်းမြေလျှောက်တဲ့နေရာမှာ သူမဟုတ်တာ လုပ်မှာမဟုတ်ဘူး၊ ကျောင်းဆရာ တယောက်ကရော လယ်ယာမြေနဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့်ရှိလို့လား၊ ဒီကျောင်း အဆင့်မြင့်တင်တာတွေ ၊ မြေနေရာလျှောက်တာတွေ အကုန်လုံးကို မြို့နယ်က သက်ဆိုင်ရာ လူကြီးတွေအားလုံးလဲ သိပါတယ်” ဟု ပြောသည်။

ယင်းသို့ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ၁၇ နှစ်ခန့်အကြာတွင်မှ ဦးမြင့်သိန်းနှင့် ဦးခင်စိန်တို့အနေဖြင့် ၎င်းတို့ စီမံပိုင်ခွင့် မရှိသည့် မြေအား စာရွက်စာတမ်းအတုများပြုလုပ်ကာ လ/န ၃၉ ရရှိရေး လိမ်လည်လျှောက်ထားခဲ့သည်ဟုဆိုကာ တိုင်ကြားခံရခြင်းဖြစ်သည်။

လေးကျေးရွာကျောင်းအား ၂၀၁၇ ခုနှစ်တွင် အလယ်တန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် ယခု ၂၀၁၈ ခုနှစ်တွင် အထက်တန်းကျောင်းခွဲအဆင့်အထိ ရရှိခဲ့ပြီဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading