သတင်း

တောင်-မြောက် ကိုရီးယား ထိပ်သီးအစည်းအဝေး စက်တင်ဘာလတွင် ပြုံယမ်း၌ကျင်းပမည်

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် တတိယအကြိမ်မြောက် ၎င်းတို့ထိပ်သီးတွေ့ဆုံမှုကို မြောက်ကိုရီးယားနိုင်ငံ၊ မြို့တော် ပြုံယမ်းတွင် စက်တင်ဘာလ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့် ဆွေးနွေးမှုရလဒ်များကို ကိုးကားလျက် ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

“ပြုံယမ်းမှာ လာမယ့် စက်တင်ဘာလထဲ ကျနော်တို့ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံဖို့ သဘောတူ လိုက်ပါတယ်” ဟု ယနေ့ ပန်မွန်ဂျုံရွာ၌ နှစ်ဘက်ကိုယ်စားလှယ်များ ညှိနှိုင်းမှုအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ကြောင်း ယွန်ဟပ်သတင်းက ဆက်လက်ဖော်ပြသည်။ တွေ့ဆုံမည့်ရက်ကိုမူ အတိအကျ ကြေညာခြင်း မရှိသေးပေ။

ပြီးခဲ့သည့်ဧပြီလက အပစ်ရပ်ကျေးရွာ ပန်မွန်ဂျုံတွင် ကင်ဂျုံအန်း နှင့်မွန်ဂျေအင်းတို့ ပထမဆုံး တွေ့ဆုံ မှုအပြီး လက်မှတ် ရေး ထိုးခဲ့သော သမိုင်းဝင်ကြေညာချက်ကို ပိုမိုအသက်ဝင်လာအောင် အားထုတ် ကြရန် စေ့စပ်ညှိနှိုင်းရေးကို ယခု နှစ်ဘက် ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ယင်းနောက် ခေါင်းဆောင်နှစ်ဦး နောက်တလအကြာတွင် ထပ်မံတွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ ပထမဆုံးထိပ်သီးတွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည်။

ဧပြီလက ကိုရီးယားနှစ်နိုင်ငံသမိုင်းဝင်တွေ့ဆုံမှုရလဒ်အနေဖြင့် “ငြိမ်းချမ်းရေးခေတ်သစ်” နိဒါန်းပျိုးပြီဖြစ်ကြောင်း ကြေညာကာ ကတိကဝတ်များ ထားရှိခဲ့ကြသည်။ ဆိုးလ်နှင့်ပြုံယမ်းတို့က ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားရေး ကင်းစင်ရေး အပြည့်အဝဆောင်ရွက်ရန်နှင့် ခိုင်မာသောငြိမ်းချမ်းရေးအစိုးရတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားကြောင်း တပြိုင်နက်ပြောဆိုခဲ့ကြသည်။

Loading