မြစ်ရေကြီးမှုနှင့်အတူ ထူးကဲဒီရေအန္တရာယ် သတိထားရန် မိုးဇလပြော
ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသဖြင့် မြစ်ရေကြီးမှုနှင့်အတူ ထူးကဲဒီရေတက်မှုကိုပါ သတိထားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန် ပြောဆိုလိုက်သည်။
မိုး/ဇလ၏ ယနေ့ နေ့လယ် ၁၂ နာရီထုတ်ပြန်မှုအရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့၌ ၁ လက်မခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့၌ ၃ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့၌ ၁ လက်မခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့၌ ပေဝက်ခန့် သက်ဆိုင်ရာ မြို့အသီးသီး၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီးနောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေနိုင်ကြောင်း သိရသည်။
ဆက်လက်၍ ဇလွန်မြို့နယ်၊ ဘားအံမြို့နယ်၊ မအူပင်မြို့နယ်နှင့် သာပေါင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုး/ဇလကအကြံပြုထားသည်။
မိုး/ဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “စိုးရိမ်ရေအမှတ် ရောက်နိုင်တဲ့ ဒေသတွေ သတင်းထုတ်ထားပါတယ်။ ပင်လယ်ထဲကို စီးဝင်တဲ့ မြစ်တွေ ချောင်းတွေ အနီးနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီရက်ပိုင်းတွေမှာ သတိပြုဖို့လိုပါတယ်။ ဒီရက်ပိုင်းတွေမှာ ထူးကဲဒီရေတက်နေတဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် ရေပြည့်ရေလျှံမှုတွေ ရေကျော် ဝင်ရောက်မှုတွေ ရှိတယ်” ဟု သတိပေးပြောဆိုသည်။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့်မွန်၊ ကရင်တို့ရှိ မြစ်ချောင်းများသည် ပင်လယ်နှင့် ဆက်စပ်နေသည့်အတွက် ထူးကဲဒီရေကြောင့် မြစ်ရေမြင့်တက်ခြင်းကို သတိပြုရန်လိုကြောင်း၊ ပုံမှန်အားဖြင့် ဒီရေသည် လပြည့်လကွယ်ကာလများတွင် တက်လေ့ရှိပြီး ထူးကဲဒီရေသည် လပြည့်လကွယ်ရက်ဖြင့် တိုက်သကဲ့သို့ ပင်လယ်ပြင်၌လည်း မုတ်သုံလေအားကောင်းသည့် အတွက်ကြောင့် ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဦးကျော်မိုးဦး က ထူးကဲဒီရေတက်မှုနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၁၀ ရက်မှ ၁၆ ရက်ထိ သတိပေး ထုတ်ပြန်ထားကြောင်း၊ ထူးကဲဒီရေသည် ၁၆ ရက် နောက်ပိုင်းတွင် ပြန်ကျသွားနိုင်သော်လည်း မိုးများသည့်အတွက် တချို့သောစခန်းများတွင် စိုးရိမ်ရေမှတ်အကျော် ကျန်ရှိနေနိုင်သေးကြောင်း ပြောဆိုသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စုရှိအလှပ်ကမ်းခြေတွင် သြဂုတ် ၁၂ ရက်ကဒီရေမြင့်တက်လာခြင်းကြောင့် ပင်လယ်ရေလုပ်သားများ၏ နေအိမ်အလုံး ၃၀ ကျော် ပြိုပျက်မှု ဖြစ်ပွားခဲ့ကြောင်းအလှပ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။
အလားတူမော်လမြိုင်မြို့တွင်လည်း သြဂုတ် ၁၂ ရက်ကသံလွင်မြစ်ရေထိုးတက်လာခြင်းကြောင့် ကမ်းနားလမ်းနှင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထူးကဲဒီရေသတိပေးချက် ထုတ်ပြန်ထားသည့် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ယမန်နေ့ ညနေ ၄ နာရီခန့်မှ စတင်ကာ ရန်ကုန်မြစ်ကမ်းဘေး မြို့နယ်များ ရေတက်ခဲ့ပြီးဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်နှင့် ဒလမြို့နယ်ရှိအိမ်များအတွင်း ရေဝင်မှုများ၊ လမ်းပေါ်ရေကျော်မှုများဖြစ်ပေါ်ခဲ့သည်။
အနိမ့်ပိုင်းရှိ ရေဝင်အိမ်များမှ ပြည်သူများရေတက်ချိန်တွင် ရေလွတ်ရာစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တ တိမ်းရှောင်နိုင်ရန် စီစဉ်ပေးထားကြောင်း၊ လတ်တလော၌ ကယ်ဆယ်ရေး စခန်းဖွင့်ခြင်း၊ စာသင်ကျောင်းများ ပိတ်ခြင်းတို့ ပြုလုပ်ရန် မလိုသေးသော်လည်း ထူးကဲဒီရေတက်နိုင်သည့် နေရာများကိုကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း ဒေသခံလွှတ်တော် ကိုယ်စားလှယ်များကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဖြူဖြူခိုင် က “ရပ်ကွက် ၉၃ နဲ့ ၉၈ မှာရေနည်းနည်းပိုဝင်တယ်။ ၉၃ မှာပိုဆိုးတယ်။ မနေ့က ၅ နာရီလောက်မှာ အဆိုးဆုံးတက်သွားတယ်။ ၈ နာရီလောက်မှာ ပြန်ဆင်းသွားတယ်။ အရမ်းနိမ့်တဲ့ အိမ်တွေမှာတော့ လူနေထိုင်လို့မရတဲ့အတွက် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ မှာသွားနေရတယ်။ ရေကျချိန်မှာတော့ ကိုယ့်အိမ်ပြန်လာကြတယ်” ဟုဆိုသည်။
ထူးကဲဒီရေတက်နိုင်သည့် နေရာများကို ကြိုတင်ကာကွယ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကိုတွေ့ရသည်။
ဒီရေ၏ သဘောသဘာဝအရတရက်လျှင် နှစ်ကြိမ်တက်ပြီး နှစ်ကြိမ်ပြန်ကျကြောင်း၊ ရေစီးရေလာကောင်းပါကတက်ပြီး လျှင် ပြန်ကျသွားသော်လည်းရေစီး ရေလာမကောင်းသည့် ရေဝပ်သည့် နေရာဒေသများတွင် ရေတင်ကျန်ခဲ့ခြင်းများ ဖြစ် ပေါ်မည်ဟု ဦးကျော်မိုးဦးက ပြောသည်။
“ဒီရေနဲ့အတူ အဆိပ်ရှိတဲ့ ပိုးကောင်တွေ ပါလာနိုင်တယ်။ ရေကအထက်မှာရှိတာ ကြာသွားတဲ့အခါ မြစ်ကမ်းပါးအနီးဆို မြစ်ကမ်းပါး ပြိုတာမျိုးတွေ သတိပြုဖို့ ဂရုစိုက်ဖို့ လိုပါတယ်။ လူနေထိုင်တဲ့ အဆောက်အဦတွေလည်း ခိုင်ခံ့ဖို့လိုတယ်။ ခိုင်ခံ့မှု မရှိဘူးဆိုရင်တော့ ရေစီးနဲ့တူမျောပါသွားတာတို့ ပျက်စီးတာတို့ ရှိနိုင်တယ်” ဟု ဦးကျော်မိုးဦးက သတိပေးသည်။
သြဂုတ် ၁၄ ရက်နံနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊ မကွေးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကရင်နှင့်မွန်တို့တွင် ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကချင်၊ ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလကထုတ်ပြန်သည်။