မော်တော်ယာဉ်များ သက်တမ်းတိုးရာတွင် မူလ မှတ်ပုံတင်ထားသော မှတ်တမ်းဝင် ယာဉ်၏ အစိတ်အပိုင်းများအား အခြား အစိတ်အပိုင်း တခုခုဖြင့် အစားထိုး ပြောင်းလဲထားသည့် (ဖောက်စွပ်၊ အလုံးချိန်း) ယာဉ်များ စစ်ဆေးတွေ့ရှိရပါက သိမ်း ဆည်း သည့် အပေါ် ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များက တောင်းဆိုထားကြကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်း အကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး-၁ ဦးရဲညွန့်က “ဖောက်စွပ် လုပ်ခဲ့တဲ့ သူက တချိန်က လုပ်ခဲ့တယ်။ လက်ရှိ ပိုင်ဆိုင်သူက ဘာမှ နားမလည်ဘဲ အဲဒါတွေကို သက်ဆိုင်ရာကပဲ လိုင်စင် ဆောင်ခွင့် ပြုပေးခဲ့တယ်။ အရင် အဆက်ဆက်က ဖောက်စွပ်ကားတွေကို ဒဏ်ငွေနဲ့ ပြီးခဲ့ပြီး RTA ပေးခဲ့တယ်။ အခုကျမှ ဖောက်စွပ်ကားတွေကို အပြီးသိမ်းတယ် ဆိုတော့ အရမ်းနစ်နာ နေရပါတယ်။ ဖောက်စွပ်ကားတွေကို သိမ်းဆည်း ပြစ်ဒဏ် အစား ဒဏ်ကြေးနဲ့ ဖြစ်စေ၊ အစားထိုးစလစ် ထုတ်ပေးတာ ဖြစ်စေ ဖြေလျှော့ပေးဖို့ပါ”ဟု ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) သို့ ယာဉ်သွား ရောက် စစ်ဆေးသည့် အခါ စာအုပ် အမှန်၊ လိုဂိုအမှန်၊ ယာဉ်မှတ်ပုံတင် သက်သေခံ ကတ်ပြား၊ ဖောင်းကြွ နံပါတ်ပြားများ မှန်သော် လည်း ဖောက်စွပ် ဖြစ်ကြောင်း တွေ့ရှိပါက ယာဉ်သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေကာ ပြည်သူများမှာ နစ်နာမှုများ ရှိနေခြင်း ကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်စွပ်ကားများ သိမ်းဆည်းနေမှုများနှင့် ပတ်သက်၍ မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေး စခန်း အကျိုးဆောင် အဖွဲ့မှ ဇူလိုင်လအတွင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သမ္မတရုံးသို့ တင်ပြ တောင်းဆိုထားကြောင်း လည်း ၎င်းက ဆိုသည်။
“သြဂုတ်လ ၈ ရက်မှာတော့ သမ္မတရုံးက အကြောင်းပြန်ပါတယ်။ ကျနော်တို့ တင်ပြတဲ့စာကို လက်ခံရရှိကြောင်းနဲ့ ပြည်သူ တွေ နစ်နာချက်ကို နိုင်ငံတော် သမ္မတရုံးက ဆက်လက် ဆောင်ရွက်ပေးသွားမယ် ဆိုတဲ့ အကြောင်းပါပါတယ်”ဟု ဦးရဲညွန့် က ဧရာဝတီကို ပြောသည်။
ထို့ပြင် ယာဉ်များ စစ်ဆေးရာတွင် ကျွမ်းကျင်သူ အင်ဂျင်နီယာ အရေအတွက်မှာ နည်းပါးသည့်အတွက် အခက်အခဲ ဖြစ် နေ ရ ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးရဲညွန့် က“ယာဉ်စစ်ကားတွေနဲ့ သက်တမ်းတိုး ကားတွေကို တသမတ်တည်း စစ်ဆေးပြီး အာမခံချက် ပေး သင့်တယ်။ ဖောက်စွပ် ဟုတ်/မဟုတ် စစ်ဆေးတဲ့ အခါမှာ ပညာရှင်နဲ့ မဟုတ်ဘဲ အများအားဖြင့်တော့ တွေ့တဲ့သူကို ခိုင်းနေ ကြရတော့ ယာဉ်ပိုင်ရှင်တွေမှာ အများကြီးနစ်နာ နေကြရပါတယ်”ဟု ပြောသည်။
ဖောက်စွပ် ပြုလုပ်ထားခြင်း ဆိုသည်မှာ မော်တော်ယာဉ်၏ ဖရိန် အမှတ်အသားကို ဖောက်ထည့် ဖြတ်ဆက်ထားခြင်း၊ မူလ မော်တော်ယာဉ်၏ ဖရိန် အမှတ်အသားပါ ဘောင်တန်း တခုလုံးအား အခြားယာဉ်သို့ ဖြတ်ဆက်ပြုလုပ်ပြီး အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားခြင်း၊ Body Coach ပြောင်းလဲထားခြင်းများ ဖြစ်ပြီး အဆိုပါကဲ့သို့ ပြုလုပ်ထားခြင်းများကို စစ် ဆေး တွေ့ရှိပါက မော်တော်ယာဉ်အား မှတ်ပုံတင် ဖျက်သိမ်း အရေးယူရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဇွန် ၆ ရက်က စာဖြင့် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ဖောက်စွပ်ကားများ သိမ်းဆည်း ပြစ်ဒဏ်ဖြေလျှော့ပေးရန်အတွက် တင်ပြထားရာ၌ မော်တော်ယာဉ်ဝယ်သူများ ကညန ယာဉ်မှန်၊ မမှန်စစ်ဆေးရာတွင် ယာဉ်စစ် အင်ဂျင်နီယာ အရေအတွက် နည်းပါးမှုကြောင့် သက်ဆိုင်ရာရုံးများ၌ ယာဉ်စစ် ဆေးရာတွင် အချိန်ကြန့်ကြာမှု အခက်အခဲ ဖြစ်ပေါ်နေခြင်း၊ ယာဉ်အစိတ်အပိုင်း ချက်စီနံပါတ် ဖောက်စွပ်ဖြစ်၍ သိမ်းဆည်း ခံရသော မသိနားမလည်သည့် ယာဉ်ပိုင်ရှင်များ ကြီးမားသည့် နစ်နာဆုံးရှုံးမှုများကို ကညနဘက်မှ ဒဏ်ကြေး(သို့မဟုတ်) အစားထိုးစလစ်တစ်ခုအဖြစ် ဖြေလျှော့ပေးနိုင်ခြင်း ရှိ၊မရှိ စသည့် အကြောင်းအရာတို့ ပါဝင်သည်။
ယင်းပြင် ယာဉ်ပိုင်ရှင်မှ အကြီးစား ပြုပြင်ရန် ရှိပါက ကညနမှ မည်သည့် စံနှုန်း(သတ်မှတ်ချက်)ဖြင့် ပြုပြင်ရမည်ကို ယာဉ် ပိုင်ရှင်များ သိရှိရန် ဆွေးနွေး မေးမြန်းခြင်း၊ ကညနမှ သက်တမ်းတိုးရာ၌ ယာဉ်မှန်ကန်မှုရှိမှသာ သက်တမ်းတိုး ဆောင်ရွက် ပေးပါရန်နှင့် သက်တမ်းတိုးခြင်းနှင့် ယာဉ် မှန်၊မမှန် စစ်ဆေးခြင်းတို့၌ တူညီသော စံနှုန်းတခုဖြင့် စစ်ဆေး ဆောင်ရွက်ပေး ရန် (သို့မဟုတ်) အာမခံချက်ရှိရန် ကိစ္စရပ်များကို တင်ပြထားကြောင်း သိရသည်။
ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းပြုလုပ်သူ ဦးခင်လတ်က“ဖောက်စွပ်ကား ပြဿနာကြောင့် အရောင်း အဝယ် တော်တော် အေးသွားပါတယ်။ ရပ်တန့်သလောက် နီးပါး ဖြစ်သွားတယ်။ အရောင်းအဝယ် လုပ်မယ်ဆိုရင် လည်း ယာဉ်စစ်မယ် ဆိုတော့ ရောင်းတဲ့သူကလည်း မရောင်းရဲတော့တဲ့ အနေအထား ဖြစ်သွားတယ်။ ဘယ်ကားမှာ ဖောက် စွပ် ဘယ်လို ပါတယ် ဆိုတာ မသိဘူး။ ဂျပန်မှာကတည်းက ပြန်ပြင်ထားတာတွေ ရှိတယ်။ ဒီကားတွေ က အသုံးပြုပြီး ကားဖြစ်တဲ့ အတွက် နဂိုတည်းက ပါတာလား ဆိုတာ မသိရဘူး” ဟု ပြောသည်။
ကားဈေးကွက် အတွင်း၌ အရောင်းအဝယ် ပြုလုပ်ကြရာတွင် ကားနှင့် ပတ်သက်သော ပိုင်ဆိုင်မှု စာအုပ် မှန်ကန်ခြင်း၊ ဖောင်းကြွ မှန်ကန်ခြင်း၊ အခြားသော အချက်အလက်များ မှန်ကန်ပါက ခိုင်မာသည့် စာချုပ်စာတမ်းဖြင့် အရောင်းအဝယ် ပြုလုပ်ကြပြီး ကားဝယ်မည် ဆိုပါကလည်း ဆေးခွာကြည့်ပြီးမှ ဝယ်ယူ၍ မရကြောင်း ကားဝယ်ရောင်း ပြုလုပ်သူများက ပြောသည်။
“ကားတစီး ဝယ်မယ်ဆိုရင် ဆေးတွေကို ခွာကြည့်လို့မရဘူး။ အုံနာဘုတ် မှန်တယ်။ ဖောင်းကြွ မှန်တယ်၊ ကားမှန်တယ် ဆို ရင် အရောင်းအဝယ် လုပ်ကြတာပါပဲ။ ဖောက်စွပ် ဟုတ်/မဟုတ် ဆိုတာကို အစကတည်းက မသိနိုင်ကြဘူးလေ။ သိမ်း ဆည်း ခံ ထားရတဲ့ ကားပိုင်ရှင်တွေထဲမှာ ဖောက်စွပ်မှန်း မသိဘဲ ဝယ်ထားမိတဲ့သူတွေအနေနဲ့ ဘဝပျက်မတတ် ဆုံးရှုံးမှု တွေ ရှိနေ ပါတယ်” ဟု ဦးခင်လတ်က ဆက်လက် ပြောသည်။
ဖောက်စွပ်ကားများကို သိမ်းဆည်းနေခြင်းကြောင့် ယာဉ်အရောင်းအဝယ် ပြုလုပ်ရာ၌လည်း ဖောက်စွပ်ကား မဝယ်မိစေ ရန်အတွက် ယာဉ် မှန်၊ မမှန် စစ်ရာ၌ အချိန်ကြာမြင့်မှုများ ရှိနေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးမောင်မောင်က “စစ်ဆေး တွေ့ရှိချက် သေချာပြီဆိုရင် မှတ်ပုံတင် ဖျက်သိမ်းစာ အရင်ထုတ်တယ်။ ပြီးရင် ရဲစခန်းမှာ ယာဉ်ကို အပ်လိုက်တယ်။ ယာဉ်စစ်လာတဲ့ကားကို ဆေးခွာတယ်ဆိုတာက သေချာချင်လို့ ဆေးခွာတာ ဖြစ်တယ်။ ဆေးခွာပြီးတော့မှ မဟုတ်ပါ ဘူးဆိုရင် ကျနော်တို့ Duty Coach ရိုက်ပြီး မှတ်တမ်း တင်ပေးလိုက်တယ်။ ဒါဟာ အဲဒီကားရဲ့သက်တမ်း တလျှောက်လုံး အတွက် ဖြစ်သွားတယ်။ ဒီလိုလုပ်ပေးတဲ့ အတွက် နစ်နာစရာ အကြောင်း မရှိပါဘူး” ဟု ပြောသည်။
ဖောက်စွပ် ပြုလုပ်ထားသည့် ကားများကို မှတ်ပုံတင် ဖျက်သိမ်း အရေးယူရန် လုပ်ဆောင်ရခြင်းမှာ ယခင် အချိန်က ဒဏ် ကြေး သတ်မှတ်၍ ခွင့်ပြုပေးခဲ့သည့် ယာဉ်အစီးရေမှာ ၂၀၀ ကျော်သာ ရှိခဲ့ရာက ယခုနောက်ပိုင်း ကာလတွင် ပိုမို များပြားလာ မှု ကြောင့် စာရင်းရှိပြီးသား ဖောက်စွပ်ကားများကို မှတ်ပုံတင် ဖျက်သိမ်းခြင်းနှင့်အတူ ထပ်မံ တွေ့ရှိသည့် ကားများကိုလည်း သိမ်းဆည်ရန် ညွှန်ကြားချက် ထုတ်ပြန်ရခြင်း ဟု ၎င်းက ဆိုသည်။
“ဌာနအနေနဲ့ ယာဉ်ကိုပဲ အဓိက ထားသိမ်းတယ်။ လူကို အမှုဖွင့် အရေးယူတာမျိုး မလုပ်ဘူး။ လူကို အမှုဖွင့် နေတယ် ဆိုတာ က ဝယ်တဲ့သူနဲ့ ရောင်းတဲ့သူ အချင်းချင်း လုပ်ကြတာတွေပါ။ မော်တော်ယာဉ် တစီးကို ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ကညန မှာ ယာဉ်အရင် စစ်သင့်တယ်။ အခုဟာက ဝယ်လိုက်တယ်။ စီးနေရင်း သက်တမ်းကုန်လို့ သက်တမ်း လာတိုးတော့မှ ဖောက်စွပ်ဆိုတာ သိလိုက်ရတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်”ဟု ဦးမောင်မောင်က ဆက်လက် ပြောသည်။
စစ်ဆေး တွေ့ရှိပါက မော်တော်ယာဉ်၏ အုံနာဘုတ် စာအုပ် သိမ်းဆည်းခြင်း၊ သက်သေခံ အဝိုင်း၊ ဖောင်းကြွ နံပါတ်ပြား၊ ကညန ၏ စတေကာများကို ပြန်လည် သိမ်းဆည်း၍ မော်တော်ယာဉ် မှတ်ပုံတင် ဖျက်သိမ်းကြောင်း ကြေညာချက်နှင့် အတူ သက်ဆိုင်ရာရဲစခန်းများသို့ မော်တော်ယာဉ်အား နေ့ချင်း အပြီး အပ်နှံရကြောင်း သိရသည်။
မန္တလေး မြောက်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူးက “ဇွန်လ ၁၁ ရက်က ညွှန်ကြားချက် ကြောင့် အခုလို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ ဘော်ဒီကုတ် ပြောင်းတာနဲ့ ဖောက်စွပ် လုပ်ထားတာတွေကို အရေးယူ တာပါ။ ဘော်ဒီကုတ် ပြောင်းလဲတာက ဥပဒေ ၁၈-င နဲ့ ငြိနေပါတယ်” ဟု ပြောသည်။
ဖောက်စွပ်ကား ပြဿနာဖြစ်ပွားနေရခြင်းမှာ မော်တော်ယာဉ်များ ကနဦး ဝင်လာသည့် အချိန်က စနစ်တကျ မှတ်တမ်းတင် ခြင်း မပြုလုပ်ဘဲ ယာဉ်မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်မှ ယာဉ်သွားစစ်သည့် အခါ ဖောက်စွပ် ပြုလုပ်ထားခြင်းများ ပေါ် ပေါက်လာရခြင်းက ပို၍ များနေကြောင်း ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်း အကျိုးဆောင်အဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ မန္တလေး ခရိုင်အတွင်း၌ ဇူလိုင်လ ကုန် အထိ ဖောက်စွပ်ကား ၁၁ စီးကို အရေးယူထားကြောင်း သိရသည်။