မြန်မာနိုင်ငံသား တယောဆရာ တဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုငြိမ်းချမ်းဦးကို ဘန်ကောက်မြို့မှာ ရှိတဲ့ ဆေးရုံတခုမှာ သြဂုတ်လ ၁၄ ရက်နေ့၊ တနင်္လာနေ့က ပြန်လည် တွေ့ရှိခဲ့ပါတယ်။ သူဟာ ၁၀ ရက်ကျော် ပျောက်ဆုံးနေတာဖြစ်ပြီး ဘန်ကောက်မြို့ Haui Khwang ခရိုင်မှာရှိတဲ့ တိုက်ခန်းကနေ သြဂုတ်လ ၂ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူ့ကို နောက်ဆုံးတွေ့ရှိခဲ့တဲ့ နေရာက Ratchadapisak လမ်းပေါ်မှာ ရှိတဲ့ ဈေးဝယ်စင်တာတခု ကနေ Taxi ပေါ်တက်သွားတာဖြစ်တယ်လို့ CCTV မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူသိများတဲ့ တယောဆရာ တယောက် ဖြစ်ပြီး အာဏာပိုင်တဦးရဲ့ တူလည်းဖြစ်တဲ့ ကိုငြိမ်းချမ်းဦးကို Nopparat Rajathanee ဆေးရုံရဲ့ ဆေးကုသဆောင်မှာ ပြန်လည် တွေ့ရှိခဲ့တာပါ။
တနင်္လာနေ့က ဆေးရုံမှာ ကိုငြိမ်းချမ်းဦးကို တွေ့ရှိတဲ့အချိန် သူက စိတ်ချရတဲ့ အနေအထားကို ရောက်နေပြီလို့ Tourist Police Bureau(TPB) ရဲ့ လက်ထောက် ကော်မရှင်နာတဦးဖြစ်တဲ့ Mr.Pol Maj Gen Surachate Hakparn က ဆိုပါတယ်။
ပြန်လည် တွေ့ရှိစမှာတော့ သူဟာ အသေးစားဒဏ်ရာတွေ ရရှိနေပြီး မူးမော်နေပုံ ပေါ်တယ်လို့လည်း ဆိုပါတယ်။ ဆရာဝန်တွေကတော့ သူပျောက်ဆုံးသွားတာဟာ တစုံတဦးကြောင့်လား အရက်ပြဿနာကြောင့်လား ဆိုတာ ဆန်းစစ်နေပါတယ်။
သူ့ကို ကျန်းမာရေးကောင်းတဲ့အထိ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူပြီးမှ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့ TPB က တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒေသခံရဲတွေရဲ့ ပြောကြားချက်အရ သြဂုတ်လ ၃ရက်နေ့မှာ အမည်မသိ လူတယောက်ဟာ Wet Thep Leela မှာ သွေးရူးသွေးတန်း အော်ဟစ်ထွက်ပြေးနေတဲ့အတွက် သူ့ကို ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အခါ အစားစားဖို့လည်း ငြင်းဆိုနေတဲ့အတွက် သြဂုတ်လ ၅ ရက်နေ့မှာ ဆေးရုံကို ပို့ပေးခဲ့တာလို့ ပြောပါတယ်။
ဆေးရုံကို ရောက်တဲ့အချိန်မှာ ကိုငြိမ်းချမ်းဦးဟာ အသိစိတ်ရှိနေပြီလို့ သူနာပြုတဦးက ဆိုပါတယ်။ ဒါပေမယ့် သူဟာ ဆေးရုံဝန်ထမ်းတွေ သူ့အနားကပ်တာကို ငြင်းဆန်နေတဲ့အတွက် သူဖြစ်ခဲ့တဲ့ ပြဿနာကို ဝေခွဲမရနိုင်သေးဘူးလို့ အဲ့ဒီသူနာပြုက ထပ်မံပြောဆိုခဲ့ပါတယ်။
ကိုငြိမ်းချမ်းဦးရဲ့ ဇနီးလောင်ဖြစ်သူ မဥမ္မာမြင့်က သူပျောက်ဆုံးသွားတဲ့ သြဂုတ်လ ၂ရက်နေ့မှာပဲ ထိုင်းနိုင်ငံ ဒေသရဲဌာနကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ရင်းနဲ့ ကိုငြိမ်းချမ်းဦးက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
Ref; bangkokpost.com