သတင်း

၇ နှစ်အတွင်း သစ်တောဝန်ထမ်း ၃ ထောင်ကျော် အရေးယူခံရ

Want create site? Find Free WordPress Themes and plugins.

ဦးသိန်းစိန် အစိုးရလက်ထက်မှ လက်ရှိအစိုးရ လက်ထက်အထိ ၇ နှစ်တာကာလအတွင်း သစ်တောဝန်ထမ်း ၃၂၀၀ ကျော်ကို အရေးယူထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောသည်။

အရေးယူခံရသည့် ဖြစ်စဉ်များတွင် လာဘ်ပေးလာဘ်ယူကိစ္စ အပါအဝင် တရားမဝင်သစ် ဖမ်းဆီးမှု အားနည်းခြင်း၊ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ဝန်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း၊ တာဝန်ပေါ့လျော့ခြင်း၊ စိုက်ခင်း မအောင်မြင်ခြင်း စသည့်ကိစ္စများ ပါဝင်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က “အများဆုံးကတော့ တာဝန်ကိုပေါ့လျော့စွာ ဆောင်ရွက်တဲ့အတွက် အရေးယူခံရတာ များပါတယ်။ ဒုတိယ အများဆုံးကတော့ တရားမဝင်သစ်ဖမ်းဆီးခြင်းနဲ့ ဆက်စပ်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အများဆုံး အရေးယူခံရတဲ့ ဝန်ထမ်းအဆင့်ကတော့ တောအုပ်အဆင့်ဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိသယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် သြဂုတ်လ ၁၃ ရက်က ပြုလုပ်သော သစ်တော ကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မီဒီယာများအားယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ၇ နှစ်အတွင်း အရေးယူခံရသည့် ဝန်ထမ်း စုစုပေါင်း ၃၂၇၂ ဦး ရှိပြီး ၂၀၁၈ ဧပြီလမှ ဇူလိုင်လကုန်အထိ ၁၂၁ ဦး ကိုလည်းအရေးယူထားကြောင်း သိရသည်။

အရေးယူခံရသူ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှာ တောအုပ်အဆင့်များ ဖြစ်၍ ဒုတိယအများဆုံးမှာ တောခေါင်းများဖြစ်ပြီး ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၇-၁၈ ခုနှစ်အတွင်း လဘ်ပေးလာဘ်ယူမှုဖြင့် ပတ်သက် နေသည့် သစ်တော ဝန်ထမ်း စုစုပေါင်း ၈၂ ဦးကိုလည်း အရေးယူထားကြောင်း သိရသည်။

ယင်းအမှုများ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူထားသည့် ဝန်ထမ်း ၂ ဦးရှိပြီး ကော်မရှင်မှ စစ်ဆေး၍ ဌာနက အရေးယူပေးရန် လွှဲပြောင်းထားသူ ၁၂ ဦးရှိကြောင်း၊ ထို့နောက် သစ်တောဌာန ကသာ စစ်ဆေးသင့်သည်ဆိုကာ ကော်မရှင်က လွှဲအပ်လာသည့် အမှုပေါင်း ၁၃ မှု ရှိကြောင်း၊ ၃ မှုမှာ မမှန်ကန်၍ အရေးမယူဘဲ ၇ မှုကိုသာ အရေးယူထားပြီး ဝန်ထမ်း ၄၅ ဦးအရေးယူထားကြောင်း၊ လက်ရှိစိစစ်ဆဲ အမှုမှာ ၃ မှု ရှိကြောင်း သိရသည်။

သစ်တောဦးစီးဌာနတွင် သစ်တောလုပ်ငန်းဆောင်ရွက်ရသည့် ဝန်ထမ်း ၅၃၀၀ သာရှိပြီး ထိန်းသိမ်းရသည့် သစ်တော ဧရိယာဧက ၇၄ သန်းကျော်ရှိ၍ ဝန်နှင့်အားမမျှတကြောင်း၊ ထို့ပြင် ၂၄ နာရီ တာဝန်ယူထားရပြီး သစ်တောကိစ္စများ အတွက် လုပ်ကိုင်ရန် ယာဉ်ယန္တရား အပါအဝင် ပံ့ပိုးပစ္စည်းနှင့် ကုန်ကျစရိတ် အခက်အခဲများ ရှိနေကြောင်း ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကလည်း သစ်တော ကဏ္ဍတွင် အဂတိလိုက်စားမှုများ လျော့နည်းရာမှ ပပျောက်သည်အထိ ကြိုးပမ်းရန် လိုအပ်ကြောင်းဝန်ကြီးဌာန၌ ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြောင်းလဲလာသော အခြေအနေများနှင့် အတူ နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင် သစ်ခိုးထုတ် လုပ်ကိုင်မှုများ ရှိလာသကဲ့သို့ တရားမဝင် ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများကို ချဉ်းကပ်မှု အမျိုးမျိုးပြုလုပ်လာကြောင်း၊ တရားမဝင် သစ်ခိုးထုတ်သူများက ၎င်းတို့အကျိုးထိခိုက်၍ တာဝန်ရှိဝန်ထမ်းများကို ပြန်လည်ရန်ပြုသည့် ကိစ္စများရှိနေကြောင်း ဦးအုန်းဝင်းက ပြောသည်။

ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက တရားမဝင်သစ်ဖမ်းဆီးသည့် သစ်တောဝန်ထမ်းများသည် ဖမ်းမိသစ်များ သိမ်းဆည်းရန်အတွက်ပင် ကုန်ကျစရိတ်မရှိသည့် အခက်အခဲများရှိနေသဖြင့် ကုန်ကျစရိတ်အပါအဝင် လိုအပ်သည့် အကူအညီများကို အချိန်နှင့် တပြေးညီထောက်ပံ့ပေးခြင်းဖြင့် ပိုမိုဖမ်းဆီးလာနိုင်မည်ဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် တရားမဝင်သစ်ခိုးထုတ်မှု လျော့ကျလာနိုင်ကြောင်းသုံးသပ်သည်။

ဦးမြင့်ဝေ က “အလုပ်လုပ်တဲ့အခါ ငွေစိုက်ထားရမယ်ဆိုတော့ ဝန်ထမ်းတွေက လုပ်ဖြစ်တဲ့အနေအထားမရှိဘူး။ ပိုက်ဆံယူပြီး လွှတ်ပေးလိုက်တာကပဲ အဆင်ပြေသလိုဖြစ်နေတယ်။ အဂတိကိုမလိုက်စားချင်လည်း လိုက်စားဖြစ်အောင် ဖွင့်ပေးသလို ဖြစ်နေတယ်” ဟု ပြောသည်။

၂၀၁၁-၁၂ ခု ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ကျွန်း၊ သစ်မာနှင့် အခြားစသည့် တရားမဝင်သစ် စုစုပေါင်းတန် နှစ်သိန်းငါးသောင်းကျော်၊ တရားခံ နိုင်ငံခြားသား ၃၀၆ ဦး၊ နိုင်ငံသား ၃၉၂၆၅ ဦးနှင့် ယာဉ်ယန္တရားများ ဖမ်းဆီး ရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading