သတင်း

ပြည်ပချေးငွေ ရရှိမှု မမျှတဟု ဆွေးနွေးသည့် ရခိုင်အမတ် သတိပေးခံရ

Want create site? Find Free WordPress Themes and plugins.

စိုက်ပျိုးရေးအတွက် နိုင်ငံတကာချေးငွေများ ရရှိပါက တိုင်းဒေသကြီးအဆင့်သာ ဦးစားပေးခြင်း ခံရပြီးဖွံ့ဖြိုးမှု နည်းပါးသည့် တိုင်းရင်းသားဒေသများ မရရှိဟု ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြဆွေးနွေးခဲ့သည့် အမတ်တဦးကို လွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးလိုက်သည်။

နိုင်ငံတကာ ချေးငွေများရရှိပါက ရခိုင်ပြည်နယ်အတွက် ဦးစားပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။

ဦးကျော်ကျော်က “ဥပဒေနဲ့ ညှိစွန်းတယ်ဆိုဆို၊ မညှိစွန်းဘူးဆိုဆို ကျနော်တို့က ပြောသင့်တာကိုတော့ လွှတ်တော်မှာ မပြောရင်ဘယ်မှာ သွားပြောမလဲ။ ကျနော်က လွှတ်တော်ကိုယ်စားလှယ်လေ။ ပြည်နယ်အတွက် နစ်နာတာကို လွှတ်တော်မှာ ပြောတာကို ဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာက သဘာဝတော့ မကျဘူး။ တကယ်လို့ ဥပဒေနဲ့ညှိစွန်းတယ်ဆိုရင် သူပြောတဲ့ ဥပဒေဟာလွဲနေပြီ” ဟု ပြောသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၄၀.၅ သန်း ရယူရန်ကိစ္စအား ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးရာမှ ဦးကျော်ကျော်က ယင်းကဲ့သို့ ထောက်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ကဏ္ဍအပြီးတွင် လွှတ်တော် နာယက ဦးတီခွန်မြတ် က “အစောတုန်းက ဆွေးနွေးခဲ့တဲ့ ဦးကျော်ကျော်၊ ရခိုင်ပြည်နယ်၏ ဆွေးနွေးချက်ဟာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ၊ ၆၃(စ)နဲ့ ညှိစွန်းနေပါတယ်။ ညီညွတ်မှုမရှိပါဘူး။ မိမိရဲ့ပြောဆိုချက်များဟာ ဆွေးနွေးဆဲ အဆိုနဲ့သာ အဓိက အတိအကျ သက်ဆိုင်ရမှာ ဖြစ်ပါတယ်။ နောင်တွင် ဂရုပြုဖို့ သတိပေးလိုပါတယ်” ဟု အသိပေး ပြောကြားလိုက်သည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးမှာ မညီမမျှ ဖြစ်နေပါက သက်ဆိုင်ရာ လွှတ်တော်တွင် သီးခြားမေးခွန်းများ မေးမြန်းနိုင်ကြောင်း၊ အဆိုတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်ဟု ဦးတီခွန်မြတ်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်လာသည်မှ ၇ နှစ်ခွဲထိကြာမြင့်လာပြီးဖြစ်ပြီး ၁ နှစ်လျှင် ပြည်ထောင်စု လွှတ်တော်ကို ပျမ်းမျှအားဖြင့် ၃ ကြိမ်ခန့် ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော်မှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသည့် အစိုးရဝန်ကြီးဌာများ၏ ချေးငွေမှန်သမျှကိုမိမိတို့ သဘောတူညီခဲ့ သော်လည်း ပြည်နယ်များအတွက် ဆောင်ရွက်ပေးမှု အလွန်အားနည်းခဲ့သည်ကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းများတွင် ကြည်ရှုနိုင်ကြောင်း ဦးကျော်ကျော်က ထောက်ပြဆွေးနွေးခဲ့သည်။

ချေးယူမည့် ငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ ပြီးဆုံးပါက တိုင်းဒေသကြီးများကိုသာ အကျိုးပြုနေကြောင်း၊ ရခိုင်ပြည်နယ်သည်လည်း စိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်တခု ဖြစ်ပြီး ပင်လယ်ကမ်းစပ်တွင် တည်ရှိနေသဖြင့် မိုးတွင်းစိုက်ပျိုးရေးတွင် ရေရှိရန် ဆည်မြောင်း၊ တူးမြောင်း အစရှိသော စိုက်ပျိုးရေး လုပ်ငန်းအခြေခံ အဆောက်အဦများ လိုအပ်သည်ဟုလည်း ထောက်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း က “တောင်သူတွေကိုတကယ် အကျိုးပြု၏ မပြု၏ လေ့လာစေလိုပါတယ်။ စီမံကိန်းနယ်မြေထဲမှာလူထု၏ အသံ၊ လွှတ်တော် ကိုယ်စားလှယ်တို့ရဲ့ အသံကိုနားထောင်စေချင်ပါတယ်။ မြန်မာ နိုင်ငံတဝှမ်းမှာ လယ်သမားက ရေနည်းနည်းပဲသောက်ရပြီးတော့ ရေများများ သောက်သွားသော ပုဂ္ဂိုလ်များလည်းရှိနေပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ် များမှာ ၎င်းတို့ ဒေသနှင့် ကိုက်ညီမှု ရှိသည့် စီမံကိန်းများ ဆောင်ရွက်စေလိုကြောင်း၊ ယခင်ကဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အလွဲများနှင့် လိုအပ်ချက်များကိုထောက်ပြဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာမှ ချေးငွေများနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်မှာ တိုင်းဒေသကြီး ၆ ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အတွက်သာ ပြုလုပ်နေကြောင်း ၊ ပြည်နယ်များအတွက် မရှိသလောက် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ် အတွက် စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းမှ ချေးငွေ တကြိမ်မျှခါမှ မရရှိဖူးကြောင်း ဦးကျော်ကျော် က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading