သတင်း

တပ်မတော်က ဆွေးနွေးမည့် ငြိမ်း၊ စု၊ စီ ဥပဒေကြမ်း ကြန့်ကြာနေ

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကိုယ်စားလှယ် ၆၀ ဦး ဆွေးနွေးမည်ဟု မတ်လကပင် စာရင်းပေးထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်း၊ စု၊ စီ) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းမှာ ၅ လခန့် ကြာမြင့်သော်လည်း ပြည်သူ့ လွှတ်တော်တွင် မဆွေးနွေးနိုင်သေးဘဲ ကြန့်ကြာနေကြောင်း သိရသည်။

အဆိုပါ ဥပဒေအား ဥပဒေကြမ်း ကော်မတီမှ လွှတ်တော်သို့ တင်ပြရာ၌ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ် ဦး ရေ အလွန်များနေသည့် အခါ လွှတ်တော်၏ အချိန်ပေးနိုင်မှု အပေါ်တွင် မူတည်၍ ငြိမ်း၊ စု၊ စီ ဥပဒေကြမ်းကို ယခု ကျင်းပ လျက် ရှိသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးဖွယ် ရှိကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်း ရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

ယင်း ဥပဒေကြမ်းကို ဆွေးနွေးရန် တပ်မတော်သား ကိုယ်စားလှယ် ၆၀ ဦးနှင့် အခြားပါတီ အသီးသီးက ကိုယ်စားလှယ် ၂၀ ဦး စုစုပေါင်း ၈၀ ဦးကို ကော်မတီသို့ ခေါ်ယူပြီး အချက်အလက်များကို ပူးပေါင်းဆွေးနွေးရန်၊ ဥပဒေကြမ်းတွင် ပြင်ဆင်ချက် များ ထည့်သွင်းပေးရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ လွှတ်တော်သို့ ဆက်လက် တင်ပြထားကြောင်း ၎င်းက ဆို သည်။

ဦးကျော်စိုးလင်းက “ဒီဥပဒေနဲ့ ပတ်သက်တဲ့ အခါကျတော့ ကိုယ်စားလှယ် တဦးတယောက်ကမှ အလျော့ပေးတာမျိုး မရှိဘူး။ လွှတ်တော်ထဲမှာပဲ ဆွေးနွေးမယ် ဆိုပြီးတော့ ပြောတော့ ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးရလေအောင် ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒအရ လွှတ်တော်ကို တင်ပြပေးထားတာ ဖြစ်ပါတယ်” ဟု သတင်းထောက်များ ကို ရှင်းပြသည်။

အစိုးရက လွှတ်တော်တွင် ပြင်ဆင် အတည်ပြုရန် ကြိုးပမ်းနေသည့် ငြိမ်း၊ စု၊ စီ ဥပဒေကြမ်းကို လူမှုအဖွဲ့အစည်းများက ကန့်ကွက်ခြင်း၊ ၎င်းတို့ပါတီက ကန့်ကွက်ခြင်းများ ရှိနေ၍ ပြည်သူ့ လွှတ်တော်တွင် ယခုလို ကြန့်ကြာနေခြင်းဟု ထင်မြင် ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည်။

ဦးသိန်းထွန်းဦးက“ဒီဥပဒေက စပြီးတော့ အမျိုးသား လွှတ်တော်မှာတင်ကတည်းက ပါတီအနေ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးတဲ့အတွက် ကန့်ကွက်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ရရှိစေလို့တဲ့ ဆန္ဒနဲ့ ဒီပြင်ဆင်ချက် ဥပဒေဟာ မပေါ်ပေါက်သင့်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိ၍ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်ရခြင်း ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် လည်းဖြစ် ထိုစဉ်က ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးထွန်းထွန်းဟိန်က ၂၀၁၈ ခုနှစ်၊ မတ်လက မီဒီယာများ သို့ ပြောဆိုထားသည်။

ယခု ဥပဒေကြမ်းတွင် ပြင်ဆင်မည့် အချက်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်း လှည့်လည်ခြင်း ပြုလုပ်ရာတွင် ပြုလုပ်မည့် အစီအစဉ် ခန့်မှန်း လူဦးရေ၊ ခန့်မှန်း ကုန်ကျစရိတ်နှင့် ကုန်ကျခံရမည့် ပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို တင်ပြထားပြီး အကယ်၍ မရိုးဖြောင့်သည့် သဘောဖြင့် မမှန်မကန် ဖော်ပြခဲ့လျှင် ထောင်ဒဏ် ချမှတ်နိုင်သည် အထိ အရေးယူနိုင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။

ယင်းငြိမ်းစုစီ ဥပဒေ ထပ်တိုး ပြင်ဆင်မှုနှင့် ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ ပြည်သူ တချို့၏ ကန့်ကွက် ဆန္ဒပြမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး အမျိုးသား လွှတ်တော်တွင်လည်း ယင်းဥပဒေကြမ်း ဆွေးနွေး ခဲ့စဉ်က အာဏာရ NLD ပါတီမှ သူများကပင် ကန့်ကွက်မှုများ ရှိခဲ့၍ စက်ခလုတ်နှိပ် မဲခွဲရာတွင်လည်း ထောက်ခံမဲ ၁၁၃ မဲ ကန့်ကွက်မဲ ၇၈ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၏ အကာ အကွယ်ကို အခွင့်အရေးအဖြစ် အသုံးချ၍ နိုင်ငံ၏ အကျိုးစီးပွားကို သိလျက်နှင့်တမင် အဖျက်အမှောင့် လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လာသဖြင့် ယခု ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်ပြရခြင်း ဖြစ် သည်ဟု အာဏာရ ပါတီက ထုတ်ဖော်ထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ငြိမ်းစုစီ ဥပဒေကို NLD အစိုးရ လက်ထက်တွင် နိုင်ငံသားတို့ အနေဖြင့် စနစ်တကျ ဆန္ဒထုတ်ဖော်ခွင့် ရရှိရန် ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက် တောင်းခံရမည့် အဆင့်မှ ကြိုတင် အသိပေး ရမည့် အဆင့်သို့ ဖြေလျှော့ပေးခြင်းဖြင့် ၂၀၁၆ ခုနှစ်တွင် ဥပဒေကို ပြင်ဆင်ပေးခဲ့ဖူးသည်။

ယင်း ဥပဒေကို အဓိက ကျင့်သုံး ဆောင်ရွက်ရသည်မှာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading