သတင်း

မန္တလေး သေနတ် ပစ်ခတ်မှုက လုယက်ရန် အတွက်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တဦးတည်းဖြစ်ပြီး လုယက် ရန် အတွက် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးအောင် က ပြောသည်။

“ပြစ်မှုကျူးလွန်သူက တယောက်တည်းပါ။ ဘဏ်က ထွက်လာတယ် ဆိုတော့ ပိုက်ဆံပါတယ် အထင်နဲ့ ပိုက်ဆံကို လုတဲ့ သဘောပါပဲ။ တရားခံက ပိုက်ဆံကို လုတော့ သေဆုံးသွားတဲ့ အမျိုးသမီးက အပြန်အလှန် ပြန်လုတယ်။ အမျိုးသားပါ ပါလာတော့ သေနတ်နဲ့ ပစ်လိုက်တာပဲ”ဟု ဒု ရဲမှူးကြီး မျိုးအောင်က ပြောပြသည်။

ချမ်းမြသာစည်မြို့နယ် ၅၅လမ်း၊ မနော်ဟရီလမ်းနှင့် နှင်းဆီလမ်းကြားတွင် သြဂုတ် ၁၃ရက် နံနက် ၁၁ နာရီ ခန့်က ဆိုင် ကယ် စီးလာသော အမျိုးသားတဦးနှင့် အမျိုးသမီးတဦးအား အခြားဆိုင်ကယ်ပေါ်မှ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျူးလွန်သူမှာ ၂ ဦးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခြင်း ဖြစ်သည်။

ဒုရဲမှူးကြီး မျိုးအောင်က “သေနတ် ပစ်ခတ်တဲ့သူဟာ ဆိုင်ကယ်နဲ့ နှစ်ယောက် လာတယ် ဆိုတာ မဟုတ်ပါဘူး။ တယောက် တည်း လာတာ။ ဖမ်းမိထားတဲ့ တရားခံကို ချုပ်ရမန် ယူထားတယ်။ အသေးစိတ် သိရှိရအောင် စစ်ဆေးနေဆဲပဲ” ဟု ပြော သည်။

ထိုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ပစ်ခတ်သူမှာ ခြေလျင် ထွက်ပြေးလာပြီး အနီးရှိ ဆိုင်တဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်ကိုလုရာ မရရှိသဖြင့် ၅၅လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးရာတွင် ရုန်းရင်းဆန်ခတ် ဖြစ် ပွား ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သော်လည်း ကျည်ထွက်ခြင်း မရှိ၍ အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ပေးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် အပစ်ခံရသူ အမျိုးသမီးမှာ ဦးခေါင်း ထိမှန်၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး အမျိုးသားမှာ ရင်အုံနှင့် ဝဲရင်ဘတ်မှ ကျည်ဖောက်ဝင်ပြီး ယာချိုင်းအောက် ကျည်ဖောက်ထွက် ဒဏ်ရာ ရရှိခဲ့သည့် အတွက် မန္တလေး ပြည်သူ့ ဆေးရုံ ကြီး ၌ အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူလျက် ရှိသည်။

ချမ်းမြ သာစည် မဲဆန္ဒနယ် အမှတ်၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင် က “ဖြစ်စဉ်ကတော့ လုံခြုံ ရေး စည်းဖောက်တာပေါ့။ လုံခြုံရေး အားနည်းတာလို့ ပြောရမှာပေါ့။ ပြည်သူတွေကတော့ ထိတ်လန့် သွားတာတော့ အမှန် ပဲ။ ဆိုင်ကယ်စီးမယ် ဆိုရင် တော်တော် ကြောက်လာရတဲ့ အနေအထား ဖြစ်လာတယ်။ အဓိကကတော့ ပြည်ထဲရေး အနေ နဲ့ တခုခုတော့ လုပ်သင့်တယ်လို့ မြင်တယ်။ တာဝန် အရှိဆုံးကတော့ ပြည်ထဲရေးပဲ”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံရသူများမှာ မြန်မာ နိုင်ငံသား တရုတ်လူမျိုးများ ဖြစ်ပြီး မြရည်နန္ဒာ ရပ်ကွက်တွင် ခေါင်ရည်ဆိုင် ဖွင့်လှစ် ထားသည့် လိလျူခွမ် (ခ) ဇော်လင်း နှင့် မယွမ်ဖိန်း(ခ) မဟော်လောက်ဖိန်းတို့ ဖြစ်ကာ ၎င်းတို့တွင် သားသမီး ၃ ဦး ရှိကြောင်း သိရသည်။

မျက်မြင်တဦး ဖြစ်သူ ဦးဝင်းစိုးက “မနေ့က သေနတ်ပစ်သံ ကြားပြီး မကြာဘူး လူတယောက် ပြေးလာတယ်။ သေနတ်ကြီး ပြပြီး ကားတွေ၊ ဆိုင်ကယ်တွေကို တားနေတာ။ သေနတ် ထပ်ပစ်သေးတယ်။ ကျည်က ထွက်မလာဘူး။ အဲဒီမှာ ကျနော်တို့ တွေ အားလုံး ဝိုင်းပြီး ဖမ်းလိုက်ကြတာပါ။ ဖမ်းပြီးတော့မှ ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ တဦးကိုပဲ ဖမ်းမိတာ”ဟု ပြော သည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ပုသိမ်ကြီး မြို့နယ် အုန်းချော ကျေးရွာတွင် နေထိုင်သူဖြစ်ကာ ပန်းရံ လုပ်ငန်းလုပ်သူ ခွန်ကောလား (ခ) မောင်မျိုး (၃၇ )နှစ် ဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ် တစီး၊  စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတို တလက်၊ ပွိုင့် 32 ကျည် နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူး တခု၊ ကျည်အိမ် နှစ်ခုတို့ သိမ်းဆည်းရမိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ ထံမှ  သိရသည်။

တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက “အခုလို သေနတ်တွေပါ ပါလာတဲ့ အနေအထားကတော့ လုံခြုံရေးက လုံးဝ မရှိတော့ဘူး။ ပျက်စီးသွားပါပြီ။ လုံခြုံရေး တာဝန်ခံတဲ့သူတွေ ဖြစ်တဲ့ ပြည်ထဲရေးတို့ ရဲတို့ဆိုတာတွေက နုတ်ထွက် ဖို့ ကောင်း နေပြီ။ သူတို့ထက်ပိုပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အသက်အန္တရာယ် အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်မယ့် လူမျိုးတွေ အစားထိုးဖို့ အချိန်ကျပြီလို့ ပြောချင်တယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးရမိထားသည့် သေနတ်သမားကို အောင်ပင်လယ် ရဲစခန်းက (ပ) ၅၈၀/၂၀၁၈၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ)၊ ရာဇ သတ်ကြီး ပုဒ်မ ၃၉၄/၃၀၂ တို့ဖြင့် အမှုဖွင့်ထားပြီး မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွင် စစ်ဆေးခြင်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုမှ ဖမ်းဆီးရမိသည့် တရားခံကို သြဂုတ်လ ၁၄ ရက်က ချမ်းမြသာစည် တရားရုံးတွင် ချုပ်ရမန် ယူ ခဲ့ပြီး သြဂုတ်လ ၂၇ ရက်၌ ရုံးထုတ် စစ်ဆေးသွားမည် ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading