သတင်း

အဆိုတော် ရသ အပါအဝင် ၃ ဦး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးရမိထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်းနှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်” ဧည့်ရိပ်မွန်တွင် အဆိုတော်ရသသည် မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဆိုတော်ရသအပါအဝင် သုံးဦးကို မူးယစ်မှုနဲ့ စခန်းမှာ လာရောက် အမှုဖွင့်ထားတာ မှန်ပါတယ်၊ ဖမ်းတာကတော့ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ၊ ကာလတန်ဖိုး ၄၅ သိန်းကျော်ဖိုးရှိတဲ့ ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့တာပါ” ဟု အောင်ပင်လယ် နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

အဆိုပါသတင်းအရ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး)တောင်ပိုင်းမှ ရဲအုပ်လင်းထွန်း ဦးစီးအဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ  အခန်းအမှတ်(၂၀၃/၂၀၅) များကို ဝင်ရောက်ရှာဖွေခဲ့ရာ ရဲမင်းသိန်း (ခ) ရသ၊ မျိုးတင့်နှင့် ခေမီ (ခ) ဗာတားမီးတို့ ၃ ဦးအား တွေ့ရှိပြီး ဆက်လက်ရှာဖွေခဲ့ရာ အိပ်ယာကုတင်ဘေး စားပွဲခုံငယ်ပေါ်မှ မူးယစ်ဆေးဝါး အသုံးပြုရာတွင် အသုံးပြုသည့် ပိုက်များကို တွေ့ရှိခဲ့သည်။

ထို့နောက်ဆက်လက်ရှာဖွေရာ WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၉၅ ပြား၊ အလေးချိန်၊ ၉.၅ ဂရမ်ခန့်၊ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ် ၁ ထုပ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေး ပြား ၂၀၀ ပြားပါ ၇ ထုပ်နှင့် ၁၆၀ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၅၆၀ ပြား၊ အလေးချိန်၊ ၁၅၆ ဂရမ်ခန့်၊ စုစုပေါင်းဆေးပြား ၁၆၅၅ ပြား၊ စုစုပေါင်း အလေးချိန်၊ ၁၆၅.၅ ဂရမ်ခန့်၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ် (၁ပြားလျှင် ၃၀၀၀ ကျပ်နှုန်း) တို့အား ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“မန္တလေးမှာ အဆိုတော်ရသတို့ ရောက်နေတယ်၊ မူးယစ်ဆေးဝါးတွေလည်း ပါတယ်လို့ သတင်းရရှိခဲ့တာကြောင့် သူတို့ တည်းနေတဲ့ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေခဲ့တာပါ၊ အဆိုတော်ရသနဲ့အတူ ကျား ၁ ဦး၊ မ ၁ ဦးကို မူးယစ်ဆေးပြားတွေ နဲ့အတူ ဖမ်းမိခဲ့တာပါ” ဟု အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး)တောင်ပိုင်းမှ တာဝန်ရှိသူတဦးကလည်း အတည်ပြု ပြောဆိုသည်။

မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရှိခဲ့သည့် ရဲမင်းသိန်း (ခ) ရသ ၃၅ နှစ်၊ မျိုးတင့် ၂၆နှစ် နှင့် ခေမီ (ခ) ဗျာတာမီး (၂၀နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူပေးပါရန် အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး) တောင်ပိုင်းမှ ရဲအုပ် လင်းထွန်းမှ တရားလိုပြုလုပ်၍ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူးစိတ်ပုဒ်မ-၁၉ က/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တရားခံများအား စစ်ဆေးမေးမြန်းခဲ့ရာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူထံမှ အပြား ၂၀၀ ပါ တစ်ထုပ်လျှင် ၈ သောင်းကျပ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရန်နှင့် သုံးစွဲရန်အတွက် ဝယ်ယူခဲ့သော ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ရသ အပါအဝင် သုံးဦးကို သြဂုတ် ၁၅ နေ့တွင် ချမ်းမြသာစည် မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲမင်းသိန်း (ခ) ရသ မှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရရှိမဲ ၄၁၄ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ၎င်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ (ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်) တွင် အမျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားလှယ်လောင်း အဖြစ် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရရှိမဲ ၂၃၁၉ မဲဖြင့် ရှုံးနိမ့်ခဲ့ပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading