သတင်း

ဖျာပုံတွင် ထူးကဲဒီရေလှိုင်းရိုက်ခတ်၍ နေအိမ် ၈၆ လုံးပျက်စီး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာများအတွင်း သြဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်ပြီး လှိုင်းပုတ်မှုကြောင့် နေအိမ် ၈၆ လုံးပျက်စီးခဲ့ပြီး နေအိမ် ၃၉ လုံး ထိခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုး က “အခုအချိန်က ပင်လယ်ရေတက်တဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် ဒီတကြိမ်တက်တဲ့ရေက ခါတိုင်းထက် ပိုများတယ်။ ရေတက်တော့ လှိုင်းပါလာတဲ့အပြင် လေထန်တဲ့အချိန်ဆိုတော့ လှိုင်းရိုက်ပြီးအိမ်တွေ ပျက်စီးကုန်တာ” ဟု ဧရာဝတီကို ပြောသည်။

လှိုင်းရိုက်ခတ်မှုကြောင့် ထိခိုက်သည့်ရွာများမှာဖျာပုံမြို့နယ်၊ အမာမြို့အတွင်းရှိနောက်မီး၊ ဘဝသစ်နှင့် ဒေါ်ငြိမ်းကျေးရွာ အုပ်စုများမှ အောင်လှိုင်၊ သရက်ပင်ဆိပ်၊ ဘုရားလေးစု၊ ခါးပြတ်၊ မင်္ဂလာသောင်တန်း၊ တောကျိုး၊ အေးကုန်း၊ ဗန္ဓာပင်၊ ခတ္တာကျွန်း ကျေးရွာများဖြစ်ပြီး ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဒေသခံ ၆၇၃ ဦးကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားကြောင်း သိရသည်။

ဖျာပုံမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော် က “လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက စပြီး ဒီရေတက်ချိန်ဆိုရင် ပုံမှန်ထက် ပိုများနေတာမျိုးဖြစ်နေတယ်။ ဒီတကြိမ်မှာ လေပါလာတော့ လေနဲ့လှိုင်းနဲ့ ပုတ်ပြီး ကမ်းတွေကို တိုက်စားရင်းနဲ့ အိမ်တွေတအိအိ ပြိုကျကုန်တာ။ အထူးသဖြင့်တော့ ရွာအပြင်ဘက် သောင်ပြင်ပေါ်မှာ ဆောက်ထားတဲ့ တဲအိမ်တွေ ပြိုတာများပါတယ်။ လူသေကြေ၊ ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး။ လက်ရှိမှာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေကြပါတယ်” ဟု ပြောသည်။

ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက နေအိမ်ပြိုကျသည့် မိသားစုများကို ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ နေအိမ်ယိုင်နဲ့ ထိခိုက်သည့် မိသားစုများကို ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးနှင့် တပတ်စာဆန်ဖိုးငွေ အပြင်နေအိမ်များ ပြန်လည် ဆောက်လုပ်နိုင်ရန်အတွက် ဓနိမိုးဓနိကာနေအိမ်တလုံးလျှင် ၁ သိန်းကျပ်၊ ပျဉ်ထောင် သွပ်မိုးအိမ် တလုံးလျှင် ၂ သိန်းကျပ် နှုန်းဖြင့် ကူညီထောက်ပံ့ပေးထားကြောင်း ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

ဦးသန်းစိုးက “သဘာဝဘေးကတော့ အခုအချိန်မှာ ပိုဂရုစိုက်ရမယ့် အချိန်အခါ ရောက်နေပါပြီ။ ရာသီဥတုပြောင်းလဲမှုနဲ့အတူ သဘာဝဘေးတွေက ပိုပြီးပြင်းထန်လာတယ်။ မဖြစ်တဲ့ဒေသတွေမှာလည်း ဖြစ်လာတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ပတ်သတ် လာရင် အစိုးရဘက်ကလည်း ဆောင်ရွက်ပေးနေတာတွေ ရှိနေသလို ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကြိုတင်ပြင်ဆင်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှသာ ဘေးဖြစ်လာတဲ့အခါ ထိခိုက်မှု အနည်းဆုံးနဲ့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ထူးကဲဒီရေတက်သည့်အတွက် လူနေအိမ်ထိခိုက်ပျက်စီးမှုများမှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင်သာမက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တို့တွင်လည်း ဖြစ်ပွားခဲ့ပြီးဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနများက ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရသိရသည်။

ဆက်စပ်ဖတ်ရှု့ရန်ပင်လယ်ရေ တိုက်စား၍ အလှပ်ကမ်းခြေက နေအိမ် ၃၇ လုံးပြို 

မြစ်ရေကြီးမှုနှင့်အတူ ထူးကဲဒီရေအန္တရာယ် သတိထားရန် မိုးဇလပြော

Did you find apk for android? You can find new Free Android Games and apps.
Loading