သတင်း

မီဒီယာကြောင့် လွှတ်တော်မှာ အနှောင့်အယှက် ဖြစ်သလား

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ရှိ လွှတ်တော်များတွင် သတင်းရယူနေသည့် သတင်းထောက်များကြောင့် အနှောက်အယှက် ဖြစ်ရသဖြင့် လိုအပ်သလိုအရေးယူပေးရန် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြတိုင်ကြားထားသည်နှင့် တပြိုင်နက် အရပ်ဘက် လွှတ်တော်အမတ်များကမူ ပြဿနာ မရှိကြောင်း ပြောသည်။

ထို့အပြင် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များကလည်း တပ်မတော်၏ တိုင်ကြားမှုသည် ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ပြောသည်။

သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က “ကျမအနေနဲ့ ပြောနိုင်တာကတော့ မီဒီယာတွေကြောင့် စိတ်အနှောက်အယှက် လုံးဝမဖြစ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

သတင်းမီဒီယာသမားများသည် လွှတ်တော် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှု၊ သတင်း၊ ဓါတ်ပုံ၊ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်များ၊ ဂျာနယ် စာမျက်နှာများ ပေါ်တွင် တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြန့်ဝေနေသည်ဟု တပ်မတော်ကစွပ်စွဲထားပြီး EPA သတင်းဌာနမှ ဓါတ်ပုံ ၁ ပုံ၊ ဧရာဝတီသတင်းဌာနမှ ဓါတ်ပုံ ၁ ပုံနှင့် Mizzima သတင်းဌာနမှ ဗီဒီယိုရုပ်ကတ် ၄ ခုကိုတိုင်ကြားစာတွင် ထည့်သွင်းတိုင်ကြားထားသည်။

သတင်းထောက်များ၏ ဥပဒေနှင့် မညီသည့် ပြုမူမှုများကြောင့် စိတ်ငြိုငြင်ခြင်း၊ အများပြည်သူဆိုင်ရာ နှောက်ယှက်မှု ဖြစ်စေခြင်း၊ နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကိုအနှောက်အယှက် ဖြစ်စေခြင်း၊ လူ့ဂုဏ်သိက္ခာကိုထိခိုက်စေခြင်း၊ ပြည်သူနှင့် ကိုယ်စားလှယ်ကြား အထင်အမြင်မှား စေသောရေးသား တင်ပြမှုများကြောင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း ၎င်းသည် ၂၀၁၂ ခုနှစ်ကတည်းကပင် လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် မီဒီယာနှင့် ဆက်ဆံလာခဲ့သော်လည်း ပြဿနာ ကြီးကြီးမားမားမရှိခဲ့ကြောင်း၊ နားလည်မှု လွဲမှားသည့် ကိစ္စတချို့မှာလည်းညှိနှိုင်းဆောင်ရွက်သည့်အခါ ပြေလည်သွားကြောင်း ပြောသည်။

“ကွဲလွဲချက်တွေ ရှိလာရင်လည်း ညှိနှိုင်းလိုက် ပြောပြလိုက်ရင် အားလုံးကပြေလည်သွားကြတာပဲ။ ဒီကာလမှာမီဒီယာအနေနဲ့ ကျမတို့ကိုစိတ်ပျက်အောင် စိတ်ငြိုငြင်အောင် ဒီလိုလုပ်ခဲ့တာတွေက ကျမအနေနဲ့ မရှိဘူးလို့ပဲပြောချင်ပါတယ်”ဟု သတင်းထောက်များကိုပြောသည်။

လွှတ်တော် တာဝန်ရှိသူများနှင့် သတင်းမီဒီယာကောင်စီ တာဝန်ရှိသူများ လွှတ်တော်တွင် သြဂုတ်လအတွင်းတွေ့ဆုံစဉ်က တပ်မတော်၏ တင်ပြ တိုင်ကြားမှုများကို ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အသိပေးခဲ့သော်လည်း ယင်းဆွေးနွေးပွဲသို့ တပ်မတော်မှ တက်ရောက်လာခြင်း မရှိဟု ဦးမြင့်ကျော်က ရှင်းပြသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် က “သူတို့ပြောတာကလည်း မရှင်းလင်းဘူး။ ရှင်းရှင်းလင်းလင်း မပြောထားဘူး။ ဘယ်ဟာကဘယ်အချက်ကို ချိုးဖောက် တယ်ဆိုတာ မပါဘူး။ သူတို့ကို ငြိုငြင်မှု ဖြစ်စေတယ်ဆိုတာ တခါတလေမှာ ပါစင်နယ် အကောင့်တွေက လုပ်တာတွေကိုပါ လိုက်ကြည့်နေတယ် ထင်တယ်။ သတင်းထောက်တွေရဲ့ ပါစင်နယ်အကောင့်မှာ တင်ပြီးတော့ စကြ၊ Troll လုပ်ကြတာတွေကို လိုက်ကြည့်ပြီးပြောချင်တာ” ဟု ဆိုသည်။

တိုင်းပြည်တွင် သတင်းလွတ်လပ်ခွင့်ရှိရမည် ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ သမ္မတ၊ ဝန်ကြီးများသည် ဝေဖန်မှုများနှင့် မလွတ်ကင်းနိုင်ကြောင်း၊ ၎င်းတို့မှာရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်၍ ဝေဖန်မှုများကို မမှုသော်လည်း တပ်မတော် ကိုယ်စားလှယ်များမှာ ရွေးကောက်ခံ မဟုတ်သဖြင့် ၎င်းတို့တွင် အကျပ်အတည်းရှိနိုင်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်း က“ကျနော်တို့လည်း အများကြီး ဝေဖန်ခံရတာတွေ ရှိတယ်။ တချို့ဟာတွေမှာလည်း ကိုယ်ပြောတဲ့စကားထဲက လမ်းကြောင်းလွဲပြီးတော့ High Light အလုပ်ခံရတာတွေရှိတယ်။ ဒါတွေကတော့ ကိုယ်စားလှယ်တယောက် ဖြစ်လာတဲ့အခါကျရင် ခံနိုင်ရည်ရှိဖို့တော့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်”ဟု ရှင်းပြသည်။

မီဒီယာများကြောင့် အနှောင့်အယှက်မဖြစ်ဘဲ မီဒီယာများသည် မီဒီယာအလုပ်လုပ်သလို ကိုယ်စားလှယ်သည်လည်း ကိုယ်စားလှယ်အလုပ် လုပ်ကြောင်း၊ အားလုံးသည် ကိုယ့်ဂုဏ်သိက္ခာနှင့်ကိုယ် လျော်ညီစွာ ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ပြောသည်။

လွှတ်တော်သို့ တပ်မတော်၏ တိုင်ကြားခြင်း ခံရထားရသူ ကိုဟိန်းထက် က “ကျနော်ကတော့ လွှတ်တော်က သတ်မှတ်ပေးထားတဲ့ မီဒီယာကော်နာက နေပြီးတော့ ရိုက်တာပဲလေ။ Not Media Access ဆိုတဲ့နေရာက ရိုက်တာမှ မဟုတ်တာ။ အဲဒီတော့ စိတ်ငြိုငြင်တယ်။ မငြိငြင်ဘူးဆိုတာ သူတို့ရဲ့ ထုတ်ပြန်ချက် အပေါ်မှာပဲမူတည်တာပဲ။ ကိုယ့်သတ်မှတ်နေရာက ရိုက်တယ်။ ကျန်တာကတော့ စိတ်ထဲမှာ ဘာမှမရှိဘူူး။ ကိုယ့်သတင်း အလုပ်ကို ကိုယ်လုပ်တယ်။ ဒါပဲ” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံရေးသမားများဖြစ်ရာ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ပြည်သူများက သိချင်သည့်အခါ မီဒီယာသည် ကိုယ်စားလှယ်နှင့် ပြည်သူကြားဆက်သွယ်ရေး ကိရိယာတခု ဖြစ်၍ အနှောင့်အယှက် လုံးဝမဖြစ်ဘဲ ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်းရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း က ပြောသည်။

ဦးဇာနည်မင်း က “လွှတ်တော်တွေကို ရောက်ပြီဆိုရင်တော့ သတင်းမီဒီယာတွေနဲ့က ထိတွေ့ မြင်တွေ့နေရမှာပဲလေ။ တသီးတခြားကြီး တရားစခန်းမှာ လာနေနေတာမှ မဟုတ်တာ။ လွှတ်တော်ထဲကို ရောက်ပြီဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာပြီဆိုရင် ပြည်သူ့အသံတွေ နားထောင်ရမယ်။ မီဒီယာတွေ အပေါ်မှာကျနော် အမြင်ပြောရရင်တော့ ဘာမှ အနှောက်အယှက် မဖြစ်ဘူး။ ကျနော်တို့ိကို PR တခုလုပ်ပေးတဲ့အတွက် ကြိုဆိုတယ်” ဟု ဦးဇာနည်မင်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် သတင်းယူနေသည့် မဇ္ဈိမသတင်းထောက် ကိုမင်းမင်းကိုပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်း ဆိုသူက ဆဲဆိုခဲ့သည်။

ဦးမြင့်ကျော် က “လူတယောက်ချင်းစီက ဟိုမှာဒီမှာရေးတာတွေနဲ့ သတင်းသမားကို အဲလိုတုန့်ပြန်တာမျိုး ကတော့ ဒါကလုပ်ထုံးလုပ်နည်းလည်း မကျဘူး။ အဓိပ္ပါယ်လည်းမရှိဘူး။ သူတို့ မကျနပ်ရင် Point အတိအကျနဲ့ ထောက်ပြပြီးတော့ ပြောပေါ့။ နေပြည်တော်က သတင်းသမားတွေ အားလုံးကို အခုလိုမျိုးပြောတာကတော့ သူတို့ယူထားတဲ့ ရာထူးနေရာနဲ့ အဆင့်အတန်းနဲ့ အဲလိုပြောရမယ့် အနေအထားမျိုးမဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ လွှတ်တော်နှင့် တပ်မတော်သို့ တိုင်ကြားစာများ ပေးပို့ခဲ့သေးသည်။ တပ်မတော်ကလည်း မဇ္ဈိမသတင်းဌာနကို ပြန်လည် တိုင်ကြားခဲ့သည်။

မဇ္ဈိမသတင်းထောက် ကိုမင်းမင်း က “ကျနော်မထီလေးစား မလုပ်ခဲ့သလို သတ်မှတ်နေရာကပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တဘက်က တုံ့ပြန်မှုပုံစံက သူတို့နဲ့ပဲ ဆိုင်ပါတယ်။ ကျနော်ကြမ်းကြမ်း တမ်းတမ်း ပြုမူပြောဆိုတတ်သူ မဟုတ်ပါဘူး။ ဒီလောက်ပါပဲ” ဟု ရှင်းပြသည်။

ထို့ပြင် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ လိုက်နာရန်ဟုဆိုကာ အချက် ၁၈ ချက်ပါသည့် စည်းကမ်းချက်များကိုမီဒီယာများသို့ ဖြန့်ဝေခဲ့ပြီးယင်းကိစ္စကိုသိရှိလို၍ လွှတ်တော် ညွှန်ကြားရေးမှူး ဦးမောင်မှူးကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သော်လည်း အကြောင်း အမျိုးမျိုးပြ၍ ဖြေကြားပေးခဲ့ခြင်းမရှိပါ။

စည်းကမ်းချက်များ၏ နောက်ဆုံးအချက်တွင် လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း သတင်းရေး သားဖော်ပြရာတွင် နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို မထိခိုက်စေရေး သတင်းမီဒီယာ ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

ဆက်စပ်ဖတ်ရှုရန်ဗိုလ်ချုပ်တဦး ၏ ဆဲဆိုမှု လွှတ်တော်နှင့် တပ်မတော်သို့ စာပို့ တိုင်ကြား
ဗိုလ်ချုပ် တဦး၏ ဆဲဆိုမှု မီဒီယာ အသိုင်းအဝိုင်း စိတ်ပျက်

Did you find apk for android? You can find new Free Android Games and apps.
Loading