သတင်း

နမ္မတူ တိုက်ပွဲရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာလိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာရှိ မန်လီဘုန်းကြီးကျောင်းနှင့် ပန်သပြေဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေကြသော တိုက်ပွဲရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအနီးမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA) ပူးပေါင်းတပ်ဖွဲ့ကြား သြဂုတ် ၁၃ ရက်က စတင်ကာ တိုက်ပွဲဖြစ်နေခြင်းကြောင့် တိမ်းရှောင်လာကြသော ပန်လုံကျေးရွာမှ ဒေသခံများ ဖြစ်သည်။

နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်များကို ကူညီနေသည့် နယ်စည်းမခြားပရိဟတအဖွဲ့မှ ကိုမျိုးက “အခု လောလောဆယ် ကတော့ ကျနော်တို့ ပန်လုံဘက်သွားနေတာ။ မနေ့က ပန်သပြေမှာရောက်နေတဲ့ လူတွေရှိတယ်။ အဲဒီ လူတွေ အတွက် ကျနော်တို့ အခု စားနပ်ရိက္ခာပေါ့၊ သွားပို့နေတာ။ စားနပ်ရိက္ခာ လိုအပ်နေတာ၊ အဓိက စားသောက်ကုန်ပါဘဲ လိုအပ်တာ”ဟု ပြောသည်။

လက်ရှိတွင် ပန်လုံကျေးရွာမှ ဒေသခံများသည် နမ္မတူမြို့နယ်၊ မန်လီကျေးရွာ၊ မန်လီဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၁၀၀ ကျော်မှ ၄၅၀ ဦး၊ ပန်သပြေဘုန်းကြီးကျောင်း၌ ၂၆၀ ဦး (အိမ်ထောင်စု စာရင်းမသိရသေး) စုစုပေါင်း ၇၁၀ ဦး ခိုလှုံနေကြောင်းနှင့် သီပေါမြို့၊ ဘိုးတော်ကျောင်းတိုက်မှာလည်း ပန်လုံကျေးရွာမှ ဒေသခံ ၁၅၀ ဦး(တိုက်ပွဲရှောင်) ခိုလှုံနေကြကြောင်း ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာ အဓိက အရေးပေါ် လိုအပ်နေကြောင်း လတ်တလောတွင် နယ်စည်းမခြား ပရဟိတအဖွဲ့၊ မန်လီစစ်ရှောင်ကော်မတီ၊ နမ့်လန် ပရဟိတအသင်း၊ သီပေါ အထွေထွေအုပ်ချုပ် ရေးရုံးတို့က ထောက်ပံ့ ကူညီပေးနေကြောင်း သိရသည်။

ပန်လုံရွာနှင့်မန်စံရွာက အခြေအနေကို ကွင်းဆင်း သတင်းယူနေသူ သတင်းထောက် ကိုခွန်ဇော်ဦး ( DVB သတင်းဌာန) က “ပန်သပြေဘက်မှာ စစ်ရှောင်တွေ ရောက်နေတယ်။ ခဏခဏ ပြေးနေရတာ စားနပ်ရိက္ခာ လိုတာပေါ့၊ အရေး ပေါ် လိုတာပေါ့။ မန်စံက အဖွဲ့တွေလည်း လိုတော့ လိုတယ်။ ဒါပေမယ့် မန်စံက အဖွဲ့တွေက နီးစပ်ရာ လားရှိုးက ပရဟိတအဖွဲ့တွေက သွားလှူတာပေါ့”ဟု ပြောသည်။

ပန်လုံကျေးရွာအနီးမှာ ယနေ့(သြဂုတ် ၁၆)နံနက်ပိုင်းက လက်နက်ကြီးသံများ ကြားနေရသေးကြောင်း၊ ထို့ ကြောင့် တိုက်ပွဲရှောင်များ နေရပ်ပြန်ရေး အချိန်ကြာနိုင်သည့် အလာအလားရှိကြောင်း နယ်စည်းမခြား ပရိဟတ အဖွဲ့မှ ကိုမျိုးက ပြောသည်။

၎င်းက “ ဒီနေ့ မနက်ကတော့ လက်နက်ကြီးသံ ၁ ချက်၊ ၂ ချက်တော့ ကြားရသေးတယ်။ ကြားရသေး တယ်ဆို တော့ တိုက်ပွဲရှောင်တွေ အနေနဲ့ သွားဖို့ (ပြန်ဖို့)ကတော့ နည်းနည်းလေး ကြာအုံးမယ့် သဘောရှိပါတယ်”ဟု ပြောသည်။

နမ္မတူ-မန်စံသွား လမ်းတလျောက်ရှိ ကျေးရွာများတွင် RCSS၊ TNLA၊ တပ်မတော် စသည့် စစ်ကြောင်းများ လှုပ်ရှားနေပြီး စစ်ရေး တင်းမာနေခြင်းကြောင့် မူလတန်းကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

“ဒီနေ့ကတော့ အသံတော့ မကြားဘူး။ လောလောဆယ် စစ်ကြောင်းတွေကတော့ သွားလာ လှုပ်ရှားနေတာ၊ RCSS ရှိမယ်၊ TNLA အဖွဲ့တွေရှိမယ်။ တပ်မတော် စစ်ကြောင်းလည်း ရှိတယ်။ စစ်ကြောင်း ၃ ကြောင်း လှုပ်ရှား နေတာပေါ့။ ကျောင်းတွေ ပိတ်ထားရတယ်၊ မူလတန်းအောက်ဆို စာလုံးဝ မသင်ရတော့ဘူး။ တိုက်ပွဲဖြစ် ကတည်းက၊ ၅ တန်းကတော့ မန်စံအထက်မှာ သွားသင်နေရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာ တော်တော်များများ ပိတ်ထားရတယ်။ မန်စံကျေးရွာကြီးမှာ ဘာမှ မဖြစ်ဘူး။ မန်စံကျေးရွာကြီး အပြင်ဘက်မှာ ဖြစ်နေတာ။ ပန်လုံ ဘက်မှာ လူမရှိတော့ဘူး အဲဒီတလေ ျှာက်ရွာက ကျောင်းတွေ အကုန်ပိတ်ထားရတယ်။ ရွာတွေကတော့ အများကြီးဘဲ ”ဟု ၎င်းက ပြောသည်။

ပန်လုံကျေးရွာအတွင်း တပ်မတော်က ဝင်ရောက် နေရာယူထားပြီး RCSS က ပန်သပြေဘက်မှာ နေထား ကြောင်း၊ TNLA-SSPP ပူးပေါင်းတပ်ဖွဲ့ များကလည်း အနီးအနားမှာဘဲ လှုပ်ရှားနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ဒီနေ့ကတော့ တိုက်ပွဲသတင်း တက်လာတာတော့ မရှိသေးဘူးဗျ။ မနေ့ကတော့ ဖြစ်တယ်။ မနေ့က တိုက်ပွဲ ငြိမ်သွားတော့ မြန်မာတပ်မတော်က ပန်လုံရွာထဲ ဝင်ပြီး နေရာယူထားတယ်။ RCSS က ပန်သပြေဘက်ကို ဆုတ်သွားတယ်။ ကျနော်တို့က အဲဒီနားတဝိုက်ဘဲ ရှိနေတယ်”ဟု ၎င်းက ပြောသည်။

RCSS နှင့် TNLA- SSPP ပူးပေါင်း တပ်ဖွဲ့တို့ ပန်လုံကျေးရွာတွင် သြဂုတ် ၁၅ ရက် နံနက် ၉း၁၅ နာရီမှ ၁၃း၃၀ နာရီ( ၅ နာရီကြာ)ထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သြဂုတ် ၁၅ ရက်မှာ ထုတ် ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး RCSS ဘက်သို့ ဆက်သွယ်သော်လည်း မရပါ။

RCSS နှင့် TNLA-SSPP ပူးပေါင်း တပ်ဖွဲ့အကြား နမ္မတူမြို့နယ်အတွင်းမှာ ဇူလိုင်လက ၇ ကြိမ် တိတိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ယခုလမှာလည်း ၁၃ ရက်ကနေ စတင်၍ ယနေ့ထိတိုင် မကြာခဏ တိုက်ပွဲဖြစ်နေသည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

TNLA-SSPP သည် NCA မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading