သတင်း

အဂတိတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲထားသည့် ရှေ့နေ ပထမဆုံးရုံးထုတ်

Want create site? Find Free WordPress Themes and plugins.

အမှုသည်ထံမှ ငွေကြေးနှင့် ပစ္စည်း လက်ဆောင်များ တောင်းယူပြီး အမှုအားပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသော ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး ကို ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးအား လက်ပံတန်းမြို့ မြို့မရဲစခန်းမှ သြဂုတ်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် လက်ပံတန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ဥပဒေပြု အထောက် အကူအဖွဲ့မှ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဖြိုးလွင်က ပြောသည်။

ဦးကျော်ဖြိုးလွင်က “လက်ရှိကတော့ လက်ပံတန်းမြို့မရဲစခန်းမှာ (အချုပ်)ထိန်းသိမ်းထားတယ်။ တရားစွဲဆိုခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးက ရှေ့နေငှားရမ်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၁ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းဆိုတယ်” ဟု ဧရာဝတီသို့ ပြောသည်

၎င်းက ဆက်၍ “ဒီအမှုကို ကျနော်တို့ လက်ပံတန်းမြို့နယ် ဥပဒေပြုအထောက်အကူအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးကျော်သန့်ဇင် ကနေ အမှုကို လိုက်ပါဆောင်ရွက်မှာ ပါခင်ဗျ။ ကျနော်တို့က ဒီအမှုမှာ ဥပဒေပြုအထောက်အကူအဖွဲ့အနေနဲ့ရော လက်ပံတန်းမြို့က ရှေ့နေတဦး အနေနဲ့ရော လက်ပံတန်းမြို့က ဝန်းရံပေးတဲ့သဘောပါ” ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးအား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး တရားစွဲဆိုခံရသူဘက်မှ အကျိုးဆောင်ရှေ့နေ ငှားရမ်းလိုကြောင်း တင်သွင်းခဲ့ကြောင်း သိရသည်။

တရားစွဲဆိုခံရသူ ဒေါ်ခင်အေးအား လက်ပံတန်းမြို့နယ်တရားရုံး၏ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုများနှင့် ပတ်သက်၍ အမှုသည်ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ရာတွင် အမှုအောင်မြင်စေရန် အမှုသည်ထံမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၈ ဇွန်လအထိ ငွေကျပ် ၁၂၉၀ဝဝဝ နှင့် လက်ဆောင်ပစ္စည်းများတောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုသိရသည်။

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းစွတ်စွဲချက်များနှင့် ပတ်သက်၍ သက်သေခံများကို တရားရုံးတွင် တရားဝင်တောင်းဝရမ်း မိတ္တူတောင်းယူပြီးမှသာ သိရှိနိုင်မှာဖြစ်ကြောင်း ဦးကျော်ဖြိုးလွင်က ဆက်ပြောသည်။

“အခုလက်ရှိအချိန်မှာ အွန်လိုင်းပေါ်မှာတွေနေတဲ့ အထောက်အထားတွေပေါ်မှာ ကျနော်တို့က အတည်တကျပြောဖို့ ကျနော်တို့ ဘက်က စောပါသေးတယ်။ အခြားသက်သေခံပစ္စည်းတွေ အဲဒါတွေနဲ့ပတ်သက်ပြီး တရားဝင် တောင်းဝရမ်း မိတ္တူကူးယူခွင့်ကို လျှောက်ပါ့မယ်။ လျှောက်တဲ့အခါကျမှပဲ အဲဒါတွေကို ကျနော်တို့ အသေးစိတ်ပြောနိုင်ပါမယ်ခင်ဗျ” ၎င်းက ဆက်ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့် တရားစွဲဆိုခံရပါက ယင်းပြစ်မှု၏ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၇ နှစ်ထက် မပိုသော ပြစ်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမှာဖြစ်သည့်အတွက် အာမခံယူခွင့်မရရှိကြောင်းနှင့် ယခုလို တရားလွှတ်တော် ရှေ့နေတဦးအား ယင်းဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းမှာ ပဲခူးတိုင်းအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading