သတင်း

ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် ရွေးချယ်မည့် ပုံစံပြောင်း

Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ရွေးချယ်ခန့်အပ်ရာတွင် ပုံစံပြောင်းထားကြောင်း မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၌ ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ၊ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် တဦးစီနှင့် အများယုံကြည် လေးစားခြင်းခံရသည့် ပြင်ပမှ လူပုဂ္ဂိုလ် ငါးဦးတို့အား ရွေးချယ်ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ပမှ လူပုဂ္ဂိုလ် ငါးဦးနေရာကို ကော်မရှင်က ရွေးချယ်သူများချည်း မဟုတ်ဘဲ နိုင်ငံရေး ပါတီများက အဆိုပြု သူများကို ထည့်သွင်း ခန့်အပ်ခြင်း၊ မဲစနစ်ဖြင့် ရွေးချယ်ခြင်းတို့ဖြင့် ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးရှိန်ဝင်း က “ဘာလို့ ဒီလို ဖွဲ့စည်းရတာလဲ ဆိုရင် အရင်တုန်းကတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အတိုင်း လုပ်သွား တာဆိုပေမယ့် အခုကျတော့ ပွင့်လင်း မြင်သာမှု ပိုအားကောင်းလာအောင်ရယ်၊ ပြဿနာ တစုံတရာ ဖြစ်ခဲ့ရင်လည်း စေ့စပ်ညှိနှိုင်း ဖြေရှင်းရတာ လွယ်ကူသွားအောင်လို့ပါ” ဟု ပြောသည်။

မန္တလေးတိုင်း ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ယခုလ ၁၃ ရက်က ရွေးချယ်ခဲ့ပြီး သြဂုတ် ၁၅ ရက် နောက်ဆုံးထားကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အဆိုပြု ကော်မတီဝင် စာရင်းများ ပေးပို့ကာ ထိုမှ တဆင့် ဖွဲ့စည်းမိန့်ဖြင့် ကြေညာသွားမည် ဟု သိရသည်။

လက်ရှိ အဆိုပြု ရွေးချယ်ထားသည့် ပြင်ပလူ ပုဂ္ဂိုလ် ၅ ဦးတွင် ဝန်ထမ်း အငြိမ်းစားများလည်း ပါဝင်ပြီး လုပ်ငန်းရှင် များလည်း ပါဝင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာမှသာ အတည်ဖြစ်မည်ဖြစ် ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မန္တလေးတိုင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးက “အပြင်လူကို ပါတီ တွေကလည်း အဆိုပြုလို့ ရတယ် ဆိုပေမယ့် ပါတီတိုင်းကတော့ ကိုယ်နဲ့ အဆင်ပြေတဲ့သူကိုပဲ အဆိုပြု ရွေးကြတာ လေ။ ဒါပေမယ့် ပြဿနာ တခုခုဖြစ်ရင် ကိုယ်ရွေးချယ်တဲ့ လူလည်း ပါတဲ့အတွက် ကြားဝင် ညှိနှိုင်းဖို့ ကိစ္စတွေကျ ပို လွယ်ကူသွားသလို မျှမျှတတလည်း ဖြစ်သွားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းမှ လစ်လပ် မဲဆန္ဒနယ် ၃ ခုရှိရာ သပိတ်ကျင်း မြို့နယ် တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ်၊ မြင်းခြံမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် မန္တလေးတိုင်း လွှတ်တော် ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ လစ်လပ် မဲဆန္ဒနယ်များ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့ အပါအဝင် နိုင်ငံရေး ပါတီ ၁၁ ခုနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက သိရသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃ သိန်းကျော်ရှိကြောင်း မန္တလေး တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဇူလိုင်လကုန်အထိ နောက်ဆုံး ပြုစုထားသည့် မဲစာရင်းများတွင် ဖော်ပြထား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading