သတင်း

ရခိုင် မြောက်ပိုင်း အရေး သက်ဆိုင်သူ အားလုံးကို စုံစမ်း စစ်ဆေးနိုင်ရေး ကော်မရှင် ကမ်းလှမ်းမည်

Want create site? Find Free WordPress Themes and plugins.

ARSA အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်း စစ်ဆေး ရာတွင် ယင်းဖြစ်စဉ်ကို သိရှိသူ မည်သူ့ကိုမဆို လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်က တွေ့ဆုံရန် တောင်းဆိုနိုင်ကြောင်း ယင်းကော်မရှင် ဥက္ကဌ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ပြောသည်။

ဩဂုတ်လ ၂၃ ရက် မနေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်အရေး လွတ်လပ်သော စုံစမ်းရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲ တွင် ဧရာဝတီ သတင်းဌာနက ယခုဖြစ်စဉ်တွင် အဓိက ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရေသော တပ်မတော်၊ လုံခြုံရေး တပ်ဖွဲ့ဝင် များတွင် မည်သည့်အဆင့်ကို ခေါ်ယူစစ်ဆေးနိုင်ရန် ရှိသနည်းဟု မေးမြန်ခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်သူ ရိုဆာရီယို မယ်နာလိုက“ယေဘုယျအားဖြင့် ဒီကိစ္စရပ်တွေကို သိတဲ့ ဘယ်သူ့ ကိုမဆို တွေ့ဖို့ ကျမတို့တွေ့ဖို့ တောင်းဆိုနိုင်ပါတယ်။ ကျမတို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်သလို ပူးပေါင်း လုပ်ဆောင်တာကိုလည်း ကျမတို့ ကြိုဆိုပါတယ်။ သူတို့ကို ကျမတို့ လက်ခံတွေ့ဆုံမယ်။ ပြီးရင် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဆက်လက်ပြီး တွေ့ဆုံရမယ်”ဟု ပြော သည်။

နိုင်ငံခြားသားတဦး ဦးဆောင်သည့် ရခိုင်အရေး လွတ်လပ်သော ကော်မရှင်တခုကို ဖွဲ့စည်းမည်ဟု အစိုးရက ကြေညာစဉ်ကပင် ပြည် တွင်းရှိ နိုင်ငံရေး အင်အားစုများ၊ မျိုးချစ်အုပ်စုများက ဝေဖန်ကန့်ကွက်မှုများ၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသလို တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိခိုက်နိုင်သည်ဟု သတိပေးမှုများ ရှိခဲ့သည်။

ကန့်ကွက်မှုများ ရှိနေသော်လည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရက သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် လွတ်လပ်သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပေးလိုက်ပြီး ယင်းကော်မရှင်သည် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကာ တနှစ်အတွင်း သမ္မတထံသို့ အကြံပြုချက် အစီရင်ခံစာ တင်သွင်းမည်ဟု သိရသည်။

ARSA အကြမ်းဖက် တိုက်ခိုက်မှုများနောက်ပိုင်း ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ၊ ယင်းလူ့အခွင့် အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးရန်၊ ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဆက်စပ် ဖြစ်ပေါ်လာသည့် ကိစ္စများတွင် “ဘယ်သူတွေ တာဝန်ရှိသလဲ”ဆိုသည်ကို ဖော်ထုတ်မည် ဖြစ်ကြောင်း ကော်မရှင်က ပြောသည်။

ယင်းသို့ ဖော်ထုတ်ရာတွင် လက်ရှိ ပြည်တွင်းမှ တည်ဆဲ ဥပဒေတခုဖြစ်သည့် ၁၉၅၀ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ အက်ဥ ပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို ကိုးကားပြီး ဆောင်ရွက်သွား မည်ဟု သိရသည်။

“ကျမတို့အနေနဲ့ ဘယ်သူကိုမှ အပြစ်တင်မှာ မဟုတ်ဘူး။ လက်ညိုးထိုးနေမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမှာပါ။ ကျမတို့ လုပ်ရိုးလုပ်စဉ် (procedure)ကလည်း ကြိုဆိုတာနဲ့ ကူညီကြဖို့ပါ။ လက်ညိုးထိုး အပြစ်တင်တယ် ဆိုတာ ငြိမ်းချမ်းမှုကို ရှေ့ရှုတာ မဟုတ်ဘူး။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ပါ”ဟု မစ္စ ရိုဆာရီယို မယ်နာလိုက ပြောသည်။

ယင်းကော်မရှင်ကို မဖွဲ့စည်းမီ၊ ဖွဲ့စည်းပြီးအချိန်အထိ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအ ခါ ကော်မရှင်က ပြည်တွင်းရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်လာသည့်အခါ အချုပ်အခြာ အာဏာကို ပို၍ စော်ကားခံနေရသည်ဟု ခံစား ရကြောင်း၊ သို့သော် ပါတီတရပ်၏ လုပ်ပိုင်ခွင့်အရ ကော်မရှင်ကို ဆက်လက် စောင့်ကြည့်သည့် အဆင့်သာ လုပ်နိုင်ကြောင်း အတိုက် အခံ ြ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ှ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောသည်။

“အချုပ်အခြာ ထိပါးခံရတဲ့ ကိစ္စက အကောင်အထည်ဖော်တဲ့ ကာယကံရှင် တာဝန်ယူထားသူတွေ အပေါ်မှာပဲ မူတည်တယ်။ သူတို့ ခွင့်ပြုတဲ့ ကိစ္စတွေလေ။ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက် ခံရပြီလို့တောင် ကျနော်တို့ ပြောခဲ့ပါတယ်။ အခုလည်းပဲ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တာဝန်ရှိသူတွေက လက်ခံလာပြီဆိုတော့ ကျနော်တို့က ဆက်ပြီး ကန့်ကွက်သွားမှာ ဖြစ်ပါတယ်”ဟု အမရပူရ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။

ARSA တိုက်ခိုက်မှုနောက်ပိုင်းဟု ခေါင်းစဉ်တပ်ထားရာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တရားခံအဖြစ် လာရောက် ဖော်ထုတ်မည့် ကိစ္စတွင် ၎င်းတို့က ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုသည့် အချက် ရှိနေကြောင်း၊ ကော်မရှင်က အစွမ်းကုန် ဖော်ထုတ်မည်ဆို ပါက တဦးဦး၊ အဖွဲ့တခုခုကို အပြစ်ရှာရမည် ဖြစ်ကာ အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်လာနိုင်၍ အဖြေရမည်ဟု မထင်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP)မှ ဦးဖေသန်းက ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက “မြေပြင်အခြေအနေကလည်း အကုန်လုံး ရှင်းလင်းလို့ ပြောင်သ လင်း ခါနေချိန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်ညိုးထိုးမလား။ ရခိုင်ဒေသခံတွေကို လက်ညိုးထိုးမလား။ အဲလို အပြစ်ရှာနေလို့ ကတော့ အချင်းချင်း စိတ်ဝမ်းကွဲရုံမယ် ဖြစ်မယ်။ နောက်ဆုံးတော့ အဖြေမရဘဲ လျော့တိလျော့ရဲနဲ့ အဆုံးသတ်ရမယ့် အစီရင်ခံစာတခုပဲ ဖြစ်သွားမှာပါ”ဟု သုံးသပ်သည်။

ယခုကော်မရှင်သည် ရခိုင်ပြည်နယ်နှင့်ဆိုင်သော လူသားချင်းစာနာမှုနှင့် ဖွံဖြိုးတိုးတက်ရေးတို့၌ ကုလသမဂ္ဂ ပါဝင်ဆောင် ရွက်နိုင်ရေး အတွက် အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် လက်မှတ်ရေးထိုးအပြီး ဆက်လက်ဖွဲ့စည်းခြင်းဖြစ်သည်။

“အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံက ဖိလစ်ပိုင်ကိုပဲ ဖြစ်ဖြစ် တခြားအဖွဲ့ဝင် နိုင်ငံတွေကိုပဲ ဖြစ်ဖြစ် ကူဖို့ ဖိတ်ရင် ကျမတို့ သွားမှာပဲ။ ဒီကော်မရှင် ဖွဲ့စည်းတဲ့အပေါ် ကန့်ကွက်တဲ့လူတွေ ဒါကို နားလည်သင့်တယ်လို့ကျမ ထင်တယ်”ဟု ယင်းကော်မရှင် ဥက္ကဌက ဧရာဝတီ၏ မေးခွန်းတခုကို ပြန်လည် ဖြေကြားရာတွင် ပြောဆိုခဲ့သည်။

ယင်းတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ၏ ဧပြီလကုန် ခရီးစဉ်နောက်ပိုင်း ဖြစ်ထွန်းတိုးတက်မှုများ ဖြစ်ပြီး ယင်းသို့ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများအား ကုလသမဂ္ဂက ကြိုဆိုထားသည်။

တပြိုင်နက်တည်းတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က သိန်းချီသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက် သွားစေသည်ဟူ သော စွပ်စွဲချက်အတွက် မြန်မာနိုင်ငံအပေါ် အမှုဖွင့်ရန် သင့်မသင့် စဉ်းစားရာတွင် ပူးပေါင်းဆောင်ရွက်မည် မဟုတ် ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။

ICC ၏ တောင်းဆိုမှုကို တုံ့ပြန်မည် မဟုတ်ကြောင်းနှင့် ထိုတောင်းဆိုမှုသည် အစိုးရအပေါ် နိုင်ငံတကာ ဖိအားပိုမိုများလာစေရန် ရည်ရွယ်သော အားထုတ်မှုသာဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ကြေညာသည်။

လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် လိုအပ် ကြောင်းကို အလေးထားပြီး တချိန်တည်းတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို အသိ အမှတ်ပြုသော သဘာပတိ၏ ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ပြန်ခဲ့သည် ဟူသည့် အချက်ကို တရားစွဲရှေ့နေက လျှစ်လျှူရှုခဲ့ပုံ ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခု ပြည်တွင်းတွင် ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်း၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ဒေသမှာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ အစိုးရက လုပ်ဆောင်နေသည့် အခြေအနေများကို အသေးစိတ်ေ ဆွးနွေးခွင့်ရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ လုံခြုံစိတ်ချ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး မည်ကဲ့သို့ လက်ခံမလဲဆိုသည့် ကိစ္စကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အထူးကော်မရှင်ရုံးကို မြန်မာနိုင်ငံတွင် အတွင်းရေးမှူးရုံးအဖြစ် ရုံးစိုက်မည် ဖြစ်ပြီး အတွင်းရေးမှူးရုံးတွင် ဥပဒေ ကျွမ်းကျင်သူများ၊ မှု ခင်းနှင့် သက်ဆိုင်သော နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များကို လိုအပ်သလို ခေါ်ယူမည် ဖြစ်ကြောင်း၊ ယခုအခါ ရခိုင်အရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်း၊ ဝန်ကြီးဌာနများထံမှ အချက်အလက်များ တောင်းခံထားပြီး လုပ်ငန်း စတင်နိုင်ရန် ဆောင်ရွက်နေပြီဟု သိရသည်။

ရခိုင်အရေးကို စံုံစမ်းစစ်ဆေးသည့် အခါတွင်လည်း အကြမ်းဖက်ကိစ္စနှင့် ပတ်သက်ပြီး မည်သူ့တွင် တာဝန်ရှိသည် ဆိုသည်နှင့် ယခုကိ စ္စနှင့် ပတ်သက် ပြီး မည်ကဲ့သို့ အဖြေမျိုးကို ရှာဖွေသင့်ကြောင်း အကြံပြုချက်တွင် ရေးသားမည် ဖြစ်ကြောင်း၊ အစီရင်ခံစာ ရေးသားနိုင် ရန် လိုအပ်သည့် အချက်အလက်များ ရရှိရန် အစိုးရ၊ စစ်ဘက်ဆိုင်ရာနှင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

စုံစမ်းစစ်ဆေးရာတွင် ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး လက်အောက်ရှိ ဝန်ထမ်းများကို အစိုးရက သင့်တော်သည့် လုံခြုံရေးဆိုင် ရာကိစ္စများ စီစဉ်ပေးမည် ဖြစ်ပြီး စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်သည့် နစ်နာသူများ၊ သက်သေများကို အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းမျိုး လုပ်ဆောင်၍ မရဘဲ ယင်းသူများသည် ကော်မရှင်၏ ကာကွယ်မှုအောက်တွင် ရှိရမည်ဟု ဆိုသည်။

ထို့ပြင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး ကော်မရှင်က လို အပ်သည်ဟု ထင်မြင်ယူဆသည့်အခါ အကျိုးသက်ဆိုင်သူ တဦးဦး သို့မဟုတ် အဖွဲ့အစည်းတခုခုက ကော်မရှင်သို့ စာဖြင့် ရေးသား တင်ပြခွင့်ရှိရမည် ဖြစ်ကြောင်း၊ မကြာမီ ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ရှိကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စ၍ ၂ ပတ်အတွင်း နောက်တကြိမ် ထပ်မံ တွေ့ဆုံရန် ရှိပြီး ကော်မရှင်၏ လုပ်ငန်းများနှင့် ပတ်သက်သည့် ဝက်ဆိုက်ဒ်ကိုလည်း မကြာခင်တည်ထောင်မည် ဖြစ်သည်။

ကျော်မျိုး ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading