သတင်း

မန္တလေးတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းအပိုင် သံလျှက်မှော် အရှေ့ရပ်ကွက်ရှိ လှုပ်ရှား ရဲကင်းတွင် သြဂုတ်လ ၁၆ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း အနီးကပ်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

လှည့်ကင်းထွက်ရန်အတွက် သြဂုတ် ၁၆ ရက်ည ၉ နာရီခန့်က ပြင်ဆင်နေစဉ် ရဲဒုတပ်ကြပ် စိုးလင်းနှင့် ရဲတပ်သား ရဲရင့်အောင်တို့ လှည့်ကင်းကိစ္စဖြင့် စကားများခဲ့ရာမှတဆင့် ရဲတပ်သားက ၁၂ ဗို့ ပြောင်းချော သေနတ် (14-M02248) ဖြင့် အနီးကပ် နှစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးအောင်က “တပ်ဖွဲ့တွင်း ဖြစ်တဲ့ပြဿနာဖြစ်တဲ့အတွက် ဘာမှဖြေကြားလို့မရပါဘူး၊ ဒါပေမယ့် ရဲစည်းကမ်းနဲ့အရေးယူသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရဲတပ်သား ရဲရင့်အောင်၏ ပစ်ခတ်မှုကြောင့် ရဲဒုတပ်ကြပ် စိုးလင်းမှာ ယာပေါင်ရင်းတွင် သုံးလက်မပတ်လည်ခန့် ပွင့်ထွက်ဒဏ်ရာ၊ ဘယ် ဘက်နားနောက် ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ထားရပြီး စိုးရိမ်ရသည့် အခြေအနေမရှိဟု သိရသည်။

မန္တလေးမြို့တွင်ပြုလုပ်နေသည့် မှုခင်းကျဆင်းရေး စီမံချက် (သိမ်းငှက်စီမံချက်) အရ အမှတ်၇ ရဲစခန်းပိုင် သံလျက်မှော် အရှေ့ရပ်ကွက် ရဲကင်းတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒုတပ်ကြပ်စိုးလင်းသည် ငါန်းဇွန်မြို့နယ်ရဲတပ်မှ တွဲဖက်တာဝန်ချထားခံရသူဖြစ်သလို ရဲတပ်သား ရဲရင့်အောင်မှာလည်း ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တွဲဖက်တာဝန်ချထားခံရသူများ ဖြစ်ကြောင်း သိရသည်။

အမှတ် ၇ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က “အချင်းချင်း စကားများရာက ဖြစ်ကြတာပါ၊ တယောက်က ဒဏ်ရာတွေရခဲ့တယ်ဆိုပေမယ့် အသက်အန္တရယ်မစိုးရိမ်ရပါဘူး၊ သေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားကိုတော့ စခန်းမှာချုပ်ထားတယ်၊ ရဲစည်းကမ်းနဲ့ အရေးယူဖို့ လုပ်ဆောင် နေတယ်”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ရဲတပ်သား ရဲရင့်အောင်အား အမှတ် ၇ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

စာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး) က “မန္တလေးမြို့မှာ မှုခင်းလျော့ပါးရေး အတွက် သိမ်းငှက်စီမံချက်နဲ့ လုပ်ဆောင်နေတယ်လို့ သိရတယ်၊ အဲဒီမှာ ရဲတပ်ဖွဲ့ဝင် တွေ တော်တော် များများက နေ့/ည အချိန်ပြည့် တာဝန်ထမ်းနေကြတာလည်း တွေ့နေရတယ်၊ ဆိုလိုချင်တာက ရဲဘော်တွေမှာ စိတ်ဖိစီးမှုတွေများကြမှာတော့ အမှန်ပဲ၊ အဲဒါကြောင့်လည်း အခုလို ဖြစ်သွားတာများလားလို့ ကျမကတော့ ဒီလို မြင်တယ်” ဟု ဆိုသည်။

ယခုအခါ မန္တလေးမြို့တွင် ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှုများ ကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက် နိုင်ရန် သိမ်းးငှက် စစ်ဆင်ရေး စီမံချက်ကာလကို ရက် ၉၀ သတ်မှတ်၍ ဇွန်လ၂၅ ရက်နေ့မှ စတင် ဆောင်ရွက်နေလျက် ရှိပြီး လုံခြုံရေးလှုပ်ရှားမှုများ၊ စစ်ဆေး အရေးယူမှုများ ပိုမိုလုပ်ဆောင်လျက်ရှိသလို အဆိုပါလှုပ်ရှားမှုများအတွက် မန္တလေးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များသာမက မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်စသည့် ခရိုင်များမှ လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များလည်း ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading