သတင်း

ရခိုင်ဝန်ကြီး ၂ ဦး အဂတိကော်မရှင်ထံ တိုင်ကြားခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး တင်ဒါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံ တိုင်ကြားထားရကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့ ဖျံကျဈေးတည်ဆောက်ရန် တင်ဒါပေးသည့်အခါတွင် ခရိုင်တင်ဒါကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းသည် ပွင်းလင်းမြင်သာမှုမရှိဘဲ တင်ဒါ စည်းကမ်းချက်များကိုချိုးဖောက်ကာ ၎င်းနှင့်နီးစပ်သည့် ကုမ္ပဏီကိုလက်သိပ်ထိုး ပေးလိုက်သည်ဟု ဆိုကာ ဒေသခံလုပ်ငန်းရှင်များနှင့် မြောက်ဦးလွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း တိုင်ကြားသူများက ပြောသည်။

ယင်းသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးအား အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ လုပ်ငန်းရှင်တို့က ပြောသည်။

မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ တိုင်တဲ့ အဓိကအချက်ကတော့ မြောက်ဦးဖျံကျဈေး တင်ဒါကိစ္စပေးတဲ့ကိစ္စပါ။ ဦးကျော်အေးသိန်းက ခရိုင် တင်ဒါကြီးကြပ်ရေးမှာ သူပါတယ်။ ဈေးဆောက်ဖို့အတွက် ကုမ္ပဏီတွေအပြိုင်လျှောက်ကြတဲ့အခါ ပရိုဖိုင်းအောင်တဲ့ ကုမ္ပဏီက ၇ ခုရှိတယ်။ သို့သော်လည်း ပရိုင်ဖိုင်းအောင်တဲ့ ကုမ္ပဏီထဲက တခုမှ မရွေးဘဲနဲ့ လျှောက်လွာခေါ်ယူတဲ့အချိန်ကပင် လျှောက်လွှာတောင်မတင်တဲ့ ကုမ္ပဏီတခုကို သူက ပေးလိုက်တယ်။ ဒါဟာ တင်ဒါမူဝါဒကို ချိုးဖောက်ပြီးတော့ စည်းမျဉ်းဥပဒေကို မျက်ကွယ်ပြုတာ ဖြစ်တယ် ။ ဒါကြောင့် ကျနော်တို့က အဂတိကော်မရှင်ကို တင်ရတာ ဖြစ်တယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် မြောက်ဦးဒေသခံကုမ္ပဏီတခုဖြစ်သည့် ဝတီရွှေမြေကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးနှင်းထွန်းတိုးကလည်း ဝန်ကြီးကျော်အေးသိန်းအား တင်ဒါလုပ်ငန်းများနှင့်ပတ်သက်ပြီး တိုင်ကြား ခဲ့သလို စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကိုလည်း မပြီးုပြတ်သေးသည့် မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ရန်အတွက် လုပ်ငန်းတင်ပေးသည့်အခါတွက် လုပ်ငန်းဆက်လုပ်ကိုင်နေသည့် ကုမ္ပဏီကို မပေးဘဲ တခြားကုမ္ပဏီကို တင်ဒါခေါ်ယူပြီး ပေးလိုက်ခြင်းမှာ မူဝါဒကို ချိုးဖောက်ရာ ရောက်သည်ဟုဆိုကာ အဂတိကော်မရှင်ထံတိုင်ကြားခဲ့ကြောင်း ဦးနှင်းထွန်းတိုးက ပြောသည်။

ဦးနှင်းထွန်းတိုးက “ အစိုးရမှာ မူဝါဒရှိတယ်။ ယခင်အစိုးက လုပ်ထားတဲ့ဟာကို အခုအစိုးရက ဆက်ပြီး တော့ အကောင်အထည်ဖော်ရမယ်ဆိုပြီး မူဝါဒတွေရှိတယ်။ အခုအစိုးရမှာလည်း လက်ရှိဆက်စပ် လုပ်ကိုင်နေတဲ့သူကို ဆက်လက်ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးရမယ်ဆိုပြီး မူဝါဒတွေရှိပါတယ်။ ဒီကိစ္စကို ဝန်ကြီးချုပ်နဲ့လည်း ၃ ကြိမ်လောက်သွားတွေ့ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီး ဦးဝင်းမြင့်ကိုလည်း သွားတွေ့ခဲ့ပါတယ်။ ဒီဟာကို ဘယ်လို ဆက်လုပ်ရမလဲဆိုတော့ သူက(ဦးဝင်းမြင့်) ဒီဟာကိုတင်ဒါခေါ်ပြီးပေးမယ်ပေါ့။ ကျနော်တို့ကုမ္ပဏီကို မပေးချင်လို့ တင်ဒါ ခေါ်ယူခြင်း ဖြစ်တယ်။ အဲဒါဆိုကျနော်တို့ကို ဘာကြောင့်မပေးတာလဲ။ ကျနော်တို့မှာ ဘာချို့ယွင်းချက် ရှိတာလဲလို့မေးတော့ အဖြေမရခဲ့ပါဘူး ။ ” ဟု ဧရာဝတီသို့ ပြောသည်။

ဝတီရွှေမြေကုမ္ပဏီသည့် ယင်းမြောက်ဦးမြိ့တော်ခန်းမကို ပြီးခဲ့သော အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ကတည်းက တင်ဒါအောင်မြင်ကာ ပင်မအဆောက်အဦကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘတ်ဂျက် မကျသေးသည့် ကျန်ဆက်စပ်လုပ်ငန်းများကိုပါ ဆက်လုပ်ရန်ညွန်ကြားသဖြင့် လျှစ်စစ်မီးကြိုး သွယ်တန်းခြင်းအပါအဝင် တခြားဆက်စပ်လုပ်ငန်းများကိုပါ ဆောင်ရွက်လုပ်ကိုင်ထားခဲ့သော်လည်း အမှန် တကယ်ဘတ်ဂျက်ကျလာသည့်အခါတွင် လက်ရှိအစိုးရအဖွဲ့က တင်ဒါသစ်ခေါ်ယူကာ တခြား ကုမ္ပဏီ တခုကို လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းမှာ ၎င်းအတွက် များစွာနစ်နာခဲ့ရကြောင်း ဦးနှင်းထွန်းတိုးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား ဧရာတီမှ ဆက်သွယ်ခဲ့ရာ အလုပ်များနေသည်ဟုသာ ဖြေကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ အစိုးရအဖွဲ့၏ လက်ရှိ တင်ဒါမူဝါဒအတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါပေးလိုက်ခြင်းသာဖြစ်ကြောင်း ၊ အစိုးရအဖွဲ့၏ လက်ရှိမူဝါဒသစ်မှာ ငွေကြေးအနည်းအများနှင့်မသက်ဆိုင်ဘဲ နာမည်ကောင်းရှိသော ကုမ္ပဏီနှင့် အစိုးရအဖွဲ့အတွက် အထောက်အကူဖြစ်မည့် ကုမ္ပဏီများကို ရွေးချယ်ပေးခြင်းဖြစ်ကြောင်း ပြောသည်။

စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ သူတို့မှာတော့ တိုင်ဖို့ အခွင့်အလမ်းရှိလို့ မကျေနပ်ရင်တိုင်ပါ ။ အဂတိ တိုက်ဖျက်ရေးအဖွဲ့က လာစစ်လိမ့်မယ်။ တိုင်တာမှန်ရင် သူတို့ ကျနော်ကို အရေးယူလိမ့်မယ်။ တခု ပြောချင်တာက ဒီတင်ဒါကို လုပ်ထုံး ၊ လုပ်နည်းအညီပေးလိုက်ခြင်းဖြစ်တယ်။ စစ်ဆေးလို့ အပြစ် ရှိတယ်ဆိုလို့ရှိရင် ကျနော်ခံဖို့အဆင်သင့်ပဲ ။ အပြစ်မရှိဘူးဆိုလို့ရှိရင် ကျနော် ဂုဏ်သိက္ခာကို ထိပါးတဲ့အတွက် ကျနော်ပြန်ပြီး တုန့်ပြန်ရလိမ့်မယ်” ဟုဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading