သတင်း

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌကို အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို အမှုဖွင့်ထားပြီးဖြစ်ရာ ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံံဒိုင်က ပြောကြားသည်။

နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် သြဂုတ်လ ၁၇ရက်ကပြုလုပ်သော ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနက မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်တွင် တူးဖော်မှုရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အပေါ် ဆက်လက်တူးဖော်သည်ဟုဆိုကာ ရမည်းသင်းမြို့နယ်ရဲစခန်းတွင် သတ္တုတွင်း၊ ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ခံထားရသည့်အပေါ် ဖမ်းဆီးရန်ဆောင်ရွက်နေခြင်းဖြစ်သည်။

“အမှုဖွင့်ထားတဲ့ ဥက္ကဋ္ဌကို သွားပြီး ဖမ်းဆီးဖို့တွေ လုပ်နေတယ်။ သူတို့ပြောတဲ့ အနေအထားအရတောာ့နှစ်ကြိမ်ရှိပြီပေါ့။ ရန်ကုန်မှာ နှစ်ကြိမ်သွားဖမ်းတယ်။ ဒီမှာ တကြိမ်ဖမ်းတယ်။ မမိဘူးပေါ့နော်။ အဲဒီဟာအတွက် သူတို့လည်း လက်ရှိဆောင်ရွက်နေတဲ့အနေအထားမှာ ရှိတယ်။ အကယ်၍များ ဖမ်းလို့ဆီးလို့ မမိဘူးဆိုရင်တော့ သူ့ရဲ့ ဥပဒေအဆင့်ပေါ့နော်။ ဝရမ်းထုတ်တာတို့ ဘာတို့ ကျန်တဲ့နေရာတွေပါ ဖမ်းလို့ဆီးလို့ရအောင် ဝရမ်းထုတ်တဲ့အဆင့်နဲ့ ဆက်သွားမယ်လို့ သိရတယ်” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး ရမည်းသင်း ရဲစခန်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အမှုဖွင့်သည်မှာ မှန်ကန်သော်လည်း အခြားကိစ္စများကို အသေးစိတ် မဖြေကြားနိုင်ကြောင်း ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ယင်းအမှုသည် ဥပဒေမမြောက်ဘဲ အမှုဖွင့်စွဲဆိုထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရပ်ဆိုင်းထားချိန်တွင် စက်များကို သန့်ရှင်းရေးလုပ်ခြင်းသာရှိပြီး တူးဖော်ခဲ့ခြင်းမရှိကြောင်၊ ယင်းကိစ္စသည် ၎င်းတို့၏ ဥက္ကဋ္ဌနှင့်လည်း သက်ဆိုင်ခြင်း မရှိဟု ပြောဆိုသည်။

“ သူတို့ပြောသလို လုပ်တာမရှိဘူး။ သန့်ရှင်းရေးလုပ်တာပဲရှိတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့နဲ့လည်း သဘောတူညီထားပြီးဖြစ်တယ်။ ဒါကို သူတို့က ဥက္ကဋ္ဌကို ဆွဲတဲ့အခါမှာ ဥက္ကဋ္ဌက ဒီဟာနဲ့ပတ်သက်ပြီး ပြောဆိုခြင်း၊ သူကိုယ်တိုင် ဆောင်ရွက်ခြင်း မရှိဘူးဆိုတာပဲ ကိုယ် ပြောခဲ့တာပေါ့” ဟု ဦးထွန်းအောင်စိုးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ လုပ်ကွက် A တွင် လုပ်ပိုင်ခွင့်ရရှိထားသည့် ရွှေသတ္တုအကြီးစားတူးဖော်ရေးလုပ်ကွက်နှင့်ပတ်သက်ပြီး လုပ်ငန်းသဘောတူစာချုပ်အရ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက နိုင်ငံတော်သို့ ရွှေပိဿာချိန် ၁၂၇၀ ကို မပေးသွင်း၍ ဝန်ကြီးဌာနက ရွှေတူးဖော်မှုကို ရပ်ဆိုင်းရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ညွှန်ကြားခဲ့ပြီး ၂၀၁၈ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ခွင့်ပြုမိန့် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ခွင့်ပြုမိန့်ပြန်လည်အပ်နှံရန် ဝန်ကြီးဌာနက ကုမ္ပဏီသို့ အကြောင်းကြားထားသော်လည်း လာရောက်အပ်နှံခြင်းမရှိ၍ နှစ်ပတ်အတွင်းပြန်လည်အပ်နှံရန် သြဂုတ်လ ၁၃ရက်က နိုင်ငံပိုင်သတင်းစာများကြေငြာခဲ့ပြီး လာရောက်မအပ်ပါက ကုမ္ပဏီသည် ဝန်ကြီးဌာန၏ မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသည့် ပြစ်ဒဏ်ကို ခံရမည်ဟု သတိပေးထားကြောင်း သိရသည်။

“သူမအပ်ဘူးဆိုရင် လက်ရှိအနေအထားမှာတော့ ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့မှ သတ္တုတွင်းမှာ လုပ်နေတဲ့အလုပ်တွေ အားလုံးပေးမလုပ်တော့ဘူး။ သတ္တုနဲ့ပတ်သက်လို့ ထုံးကျောက်လုပ်မလား။၊ ဘိလပ်မြေ ကျောက်မီးသွေး တူးမလား သတ္တုတွင်းမှာ လုပ်နေတဲ့ ကိစ္စတွေမှန်သမျှ ပေးမလုပ်တော့ဘူး” ဟု ဦးသံဒိုင်က ပြောသည်။

သို့ရာတွင် အမျိုသားကြီးပွားတိုးတက်ရေးကုမ္ပဏီဘက်မှ ၎င်းတို့အနေဖြင့် ဝန်ကြီးဌာနသို့ ညှိနှိုင်းတင်ပြခဲ့သည်များအရ အမှန်ပေးသွင်းရမည်မှာ ပိဿာ ၁၀၀ ကျော်သာရှိပြီး ယင်း ပိဿာ ၁၀၀ကျော်ကို အကျေပေးသွင်းကာ ဆက်လက်လုပ်ကိုင်လိုသည်ဟု တင်ပြထားကြောင်း၊ လက်ရှိ ရင်ဆိုင်နေရသော အမှုကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အမိန့်စာချွန်လွှာပေးပို့ထားကြောင်း၊ အမှုကိစ္စများရှိနေသေး၍ ခွင့်ပြုမိန့် ပြန်မအပ်နိုင်ခြင်းကိုလည်း ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် ဝန်ကြီးဌာနကို သြဂုတ်လ ၁၇ ရက်က စာဖြင့်တင်ပြထားသည်ဟု ဦးထွန်းအောင်စိုးက ပြောသည်။

“တရားရုံးမှာ တင်ပြထားတာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လက်ဝယ်မှာ မရှိဘူး။ မရှိတဲ့အတွက် ပြန်လည်အပ်နှံခြင်းမရှိသည်ကို နားလည်ခွင့်လွှတ်ပေးပါရန်နှင့် တရားရုံးမှ ဆုံးဖြတ်ပြီးမှ သာလျှင် ပြုလုပ်ပေးဖို့ ဆိုပြီး မေတ္တာရပ်ခံတင်ပြထားပါတယ်” ဟု ဦးထွန်းအောင်စိုးက ပြောသည်။

လက်ရှိတွင် ဝန်ကြီးဌာနက ကုမ္ပဏီဘက်မှ ရွှေပိဿာ ၁၂၇၀ ရရှိရေးအတွက် တရားမ ကြောင်းအရ ဆက်လက်ဖြေရှင်းရန် လိုအပ်သော အချက်အလက်များကို မန္တလေးတိုင်း ဥပဒေအကြံပေးမှတဆင့် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ဦးသံဒိုင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading