သတင်း

တရုတ်တဦးနှင့် မြန်မာ ၃ဦး တရားမဝင်သစ်များနှင့်အတူ ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ မြောင်ခရိုင်ရှိ ကုန်လှောင်ရုံ(ဂိုဒေါင်)တလုံးကို ထိုင်းအာဏာပိုင်များက စီးနင်းရှာဖွေရာ ဘတ်ငွေ ၃၆ သန်းတန်ဖိုး ရှိ တရားမဝင်သစ်လုံး ၄၀၀ ကျော်နှင့် အတူ တရုတ်နိုင်ငံသား တဦးအပါ အဝင် မြန်မာအလုပ်သမား ၃ဦးကို ဖမ်းဆီးလိုက် ကြောင်း Bangkok Post သတင်းကဆိုသည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် သစ်လုံးများကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရောင်းချခြင်း ထက် ၁၀ ဆ ဈေးပိုရကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောသည်။

သစ်တောတာဝန်ရှိသူများ၊ စစ်သားများနှင့်ရဲများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောင်ခရိုင်၊ ပရိဆာမိုင်မြို့နယ် Rungroj လမ်းရှိ ကုန်လှောင်ရုံတရုံတွင် သင်္ဘောတင်ကုန်သေတ္တာတလုံးပေါ် သစ်လုံးများတင်နေသည့် အလုပ်သမား ၃ ဦးကို ရှာဖွေတွေ့ ရှိရာမှာ နောက်ဆက်တွဲအနေဖြင့် ဝယ်လက်ဟုဆိုသူ တရုတ်နိုင်ငံသားတဦးကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်လှောင်ရုံအတွင်း မခွဲရသေးသော သစ်လုံးများ (Siamese rosewood)နှင့် သစ်ခွဲသား အမြောက်အမြားကို တွေ့ရခဲ့ရခြင်းဖြစ်သည်။ သစ်လုံးများအရေအတွက်မှာ ၄၀၀ ကျော်ဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန်ဖြစ်ကာ တန်ဖိုးအားဖြင့် ထိုင်းပြည်တွင်းဈေးကွက်၌ ဘတ်ငွေ ၃၆ သန်းမျှရှိသည်။

ဖမ်းဆီးမိသည့် သစ်လုံးများ / Bangkok Post

.ထိုင်းသစ်တောဌာနထိန်းသိမ်းရေး ဖာရတ်ပရိုင်သစ်တောအကြီးအကဲ ချီဝါပက်ချီဝါသန်က ပြောကြားရာတွင် ယင်းကုန် လှောင်ရုံကို တာဝန်ရှိသူများအနေဖြင့် အနီးကပ်စောင့်ကြည့်၍ သတင်းတည်ဆောက်ခဲ့ပြီးနောက် ဝင်ရောက် မစီးနင်းမီ အလုပ်သမား ၃ ဦးရောက်လာသည်အထိ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ကုန်လှောင်ရုံပိုင်ရှင်ကိုလည်း အရေးယူမည်ဖြစ်ကြောင်း မစ္စတာချီဝါပက်က ပြောသည်။

ယင်းသစ်လုံးများသည် နိုင်ငံရပ်ခြားသို့ ရေလမ်းဖြင့် တင်ပို့ရောင်းချလျှင် ဈေးကောင်းရကြောင်း ပြည်တွင်းလုံခြုံရေး ခရိုင် ၄ ခုအကြီးအကဲဖြစ်သူ ဗိုလ်မှူး ဖုန်ဖက်ကက်စုပက ပြောသည်။

စုံစမ်းမှုအရ တရားမဝင်သစ်မှောင်ခိုတင်ပို့မှု၌ ဂျာမောဟု ခေါ်သည့် အမျိုးသမီးတဦးကိုသာ ဖော်ထုတ်နိုင်သေးကြောင်း၊ တရုတ်နိုင်ငံ၊ ကုန်သည်များထံမှ အော်ဒါမှာယူမှု လက်ခံပြီးနောက် သူမက အလုပ်သမားများကို သစ်တောထဲတွင် တရားမဝင် သစ်ခွဲခိုင်းပြီးနောက် ကုန်လှောင်ရုံသို့ ပို့စေခဲ့ကြောင်း ဗိုလ်မှူးဖုန်ဖက်က ပြောသည်။

သံသယရှိသူ ၄ ဦးလုံးကို ဘန်ပုရဲစခန်းသို့ တရားဥပဒေအရအရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့သည်။ ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ကြောပြီး အခြားပါဝင်သူများပါ ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

Loading