သတင်း

တာလောကြီးရွာက ဒေသခံ ၄ ဦးကို KIA ဖမ်းဆီးဟုဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ ဒေသခံ ၄ ဦး တောထဲခြံသွားရှင်းရင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဖမ်းဆီးသွားခြင်းကိုခံလိုက်ရကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

အဆိုပါ ဒေသခံ ၄ ဦးသည် တာလောကြီးကျေးရွာနှင့် ၉ မိုင်အကွာတွင် တည်ရှိသော စိုက်ပျိုးခြံကို သွားရောက် ရှင်းလင်းနေချိန် ယခုလ ၁၇ ရက်နေ့ ညပိုင်းက KIA တပ်ဖွဲ့ဝင်များ၏ ဖမ်းခေါ်ဆောင်သွားမှု ခံရခြင်းဖြစ်ကြောင်း တာလောကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူး က ပြောသည်။

ဦးဆန်းထူး က “အဲဒါကတော့ ၁၇ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဦးတင်ရင်မော်ရဲ့ အခင်းမှာရှင်းလင်းခုတ်ပြီး တော့ ညအိပ်တဲ့အခါမှာ KIA က လေးယောက်က ကျနော်တို့ ရွာနယ်နမိတ်အတွင်း ဖမွေချောင်းဆိုတာရှိတယ်။ အဲဒီဘက်က နေတက်ပြီးတော့မှ လာဖမ်းသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီခံရသူများမှာ တာလောကြီးကျေးရွာမှ ဖိုးသဲ (ဗမာတိုင်းရင်းသား)၊ စိုင်းချစ်သဲဝင်း( ရှမ်းနီတိုင်းရင်းသား)၊ ပအောင် (ရှမ်းနီတိုင်းရင်းသား) နှင့် ကချင်စုကျေးရွာမှ ကချင်လူမျိုး (အမည်မသိ) တို့ ဖြစ်ကြောင်း မိသားစုဝင် အချို့က ပြောသည်။

ဖမ်းဆီးခံရသူထဲမှ မိသားစုဝင်တဦး က “နေ့စား တောခုတ်သွားလုပ်တာပေါ့။ မုန်ညင်းတွေ၊ နှမ်းတွေ လုပ်မယ်ဆိုတော့ အဲမှာ တောခုတ် ခိုင်းတာပေါ့။ သူတို့ သူငယ်ချင်းလေးယောက်ပဲ။ သူတို့ တောင်ယာလုပ်ကြတာ။ အဲမှာနေကြတာ ရွာတော့ မဟုတ်ဘူး၊ ယာတွေ ဖြစ်တယ်” ဟု ပြောသည်။

ထို့ပြင် သြဂုတ် ၁၇ ရက် ဖမ်းဆီးသွားရာ ယနေ့တိုင် ပြန်လွတ်လာခြင်းမရှိသေးသည့် အပြင် သတင်း အဆက်အသွယ် ပြတ်တောက်နေခြင်းကြောင့် စိုးရိမ်မိကြောင်း၊ ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ ဖမ်းဆီးခံရသူ ၄ ဦးအနက် တဦးမှာ အိမ်ထောင်သည် ဖြစ်ပြီး ကလေးငယ် ၂ ဦး ရှိကြောင်း ၎င်းက ပြောသည်။

“အမြန်ဆုံးအိမ်ပြန်လွတ်ပေးစေချင်တယ်၊ ဒီမှာသူ့ကလေးတွေနဲ့ သူ့မိန်းမနဲ့ ကျန်တာ၊ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ကူညီပေးနိုင်ရင် ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ကျမလည်းစိတ်ပူနေရတယ်။ နေ့တိုင်းညတိုင်းအဲဒါ ဘဲစဉ်းစားနေရတယ်” ဟု ပြောသည်။

တာလောကြီးကျေးရွာမှ ဒေသခံများသည် တောင်ယာစိုက်ပျိုးရေးလုပ်ကိုင် ကြသလို တရုတ်လုပ်ငန်းရှင်များ၏ ငှက်ပျော စိုက်ခင်း များတွင် နေ့စားဝင်ရောက် လုပ်ကိုင်ကြခြင်း၊ တခြားသူများ၏ စိုက်ခင်းများတွင် တောခုတ် ခြံရှင်းနေ့စားလုပ်ကိုင်ခြင်းဖြင့် လုပ်ကိုင် စားသောက်ကြရသူများ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သြဂုတ် ၁၈ ရက်က သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားသလို နယ်မြေခံ တပ်မတော်ကိုလည်း စုံစမ်းပေးရန် အကူအညီတောင်းထားကြောင်း တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူး က ပြောသည်။

အဆိုပါ ရွာသား ၄ ဦးအဖမ်းခံရသည်ဆိုသည့် ဖြစ်စဉ်မှာ KIA အဖွဲ့က ဖမ်းဆီးခြင်း ဟုတ်မဟုတ် မြေပြင်သတင်းများ အတိအကျ မရရှိသေးသဖြင့် အတည်မပြုနိုင်သေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူ က “အခုထိကတော့ ဘယ်ကအဖွဲ့ အစည်းတွေ ဖမ်းတယ်ဆိုတာတောင်မှ ကျနော်တို့က မကြားဘူး။ ကျနော်လည်း မေးတော့ မေးကြည့်ပါတယ်၊ ဒါပေမယ့် အဲဒီမှာမသိဘူး၊ မသိဘူးလို့ဘဲပြောကြတယ်၊ KIA အဖွဲ့အစည်းက ဖမ်းသွားတာ ဟုတ်လားမဟုတ် ဘူးလားကျနော် အခုထိမရသေးဘူး” ဟု ပြောသည်။

တာလောကြီးကျေးရွာအနီးတဝိုက်တွင် KIA တဖွဲ့ထဲသာမကဘဲ တပ်မတော်နှင့် ရှမ်းပြည်သူ့စစ်အဖွဲ့များလည်း လှုပ်ရှားလျှက်ရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

အရပ်သား ၄ ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး KIA နှင့် နီးစပ်သော ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့ (PCG) မှ တဆင့် ပြန်လွတ်ပေးရန် စာရေးသားပေးပို့ တောင်းဆိုသွားရန် ပြင်ဆင်နေသည်ဟု မြန်မာပြည် မြောက်ပိုင်း ရှမ်းလူမျိုးစု ရေးရာအဖွဲ့ ၏ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေ က ဆိုသည်။

ဦးစိုင်းစန်းဝေ က “KIA ကို PCG အဖွဲ့ကနေတဆင့် ကျနော်တို့ စာရေးပြီးတော့မှ ညှိနှိုင်းပြီးတော့မှ ပြန်လွတ် ပေးဖို့ စာရေးပို့ သွားမယ်။ အဖမ်းခံရတဲ့ နေရာက KIA အဖွဲ့တွေ အမြဲတမ်းဝင်ထွက်နေတဲ့ နေရာဖြစ်နေတာ၊ KIA ရဲ့ သတင်းပေးတွေ အမြဲတမ်း ဝင်ထွက် သွားလာနေတဲ့ နေရာ ဖြစ်တယ်။ ရွာရဲ့ လုံခြုံမှု ရှိတဲ့နေရာတော့ မဟုတ်ဘူးပေါ့” ဟု ပြောသည်။

တာလောကြီးကျေးရွာသည် ရှမ်းလူမျိုးများ အများဆုံးနေထိုင်သော ဒေသဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း KIA ၏ ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်- ၂၀၁၆ ခုနှစ်မှာတော့ ဖမ်းဆီးမှုများ မရှိတော့သော်လည်း ယခုအခါ မှာ ပြန်လည် ဖမ်းဆီးမှုများ လုပ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးစိုင်းစန်းဝေက“တောင်ယာသမားတွေ ချောင်း၊ မြောင်းမှာ လုပ်ကိုင် စားသောက် နေတဲ့ လူတွေကို အနိုင်ကျင့်တာမျိုး မဖြစ်စေချင်ပါဘူး။ သူတို့လုပ်ရပ်တွေက ပြည်သူလူထုကို အနိုင်ကျင့်တဲ့ ပုံစံဖြစ်နေတာတော့ နောင်တချိန်မှာ လူမျိုး တမျိုးနဲ့ တမျိုးကြားမှာ အမုန်းတရားတွေ ပွားလာ နိုင်တယ်” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားလျှက် ရှိပြီး တပ်မတော်နှင့် တိုက်ပွဲများ မကြာခန ဖြစ်ပွားနေသလို တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးနေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading