ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက နိဒင်ကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းကို သြဂုတ် လအတွင်းက အပြီးပိုင် ပိတ်သိမ်းပြီး ကျေးရွာအနောက်ဖက် လယ်ကွင်းတွင် နေအိမ်များ ဆောက်လုပ်ကာ ပြန်လည် နေရာချ ထားပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ နိဒင်ဘင်္ဂါလီဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်းက ကျောက်တောမြို့ပေါ်မှနေ နိဒင်ကျေးရွာအနီးသို့ ပြောင်းရွေ့နေထိုင်ခဲ့ခြင်း ဖြစ်ပြီး အိမ်ထောင်စု ၈၅ စု ၊ လူဦးရေ ၅၀၀ ကျော်ရှိကြောင်း လည်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြား ရေးမှူး ဒေါက်တာအောင်သူရိန်က ပြောသည်။
ဒေါက်တာအောင်သူရိန်က “ ဒီလ အတွင်းကပဲ ကျနော်တို့ စခန်းကို ပိတ်သိမ်းပြီးတော့ သူတို့ကို ပြန်လည်နေ ရာချထားပေးလိုက်ပါတယ်။ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ကျနော်တို့က လုပ်ထုံး ၊ လုပ်နည်းနဲ့ အညီဘဲ တဖြည်းဖြည်းချင်းပဲ စီစဉ် ဆောင်ရွက်ပေးသွားပါမယ် ” ဟု ဧရာတီသို့ ပြောသည်။
ယင်း ပြန်လည်နေရာချထားပေးသော နိဒင် ကျေးရွာသည် ကျောက်တော်မြို့နှင့် ၁ မိုင်ခန့်ဝေးပြီး ဘင်္ဂါလီကျေးရွာသားများက ရေရှည်အတွက် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်အခွင့် အလမ်း ဖန်တီး ပေးရန် လိုအပ်နေကြသည်။
ပြန်လည်နေရာချထားသော နိဒင် ဘင်္ဂါလီစခန်းတွင် နေထိုင်သည့် ဦးဘမောင် “ အခက်အခဲတွေကတော့ အများကြီးပါပဲ ။ အရင်တန်းက မှီခိုစရာမရှိတဲ့ ဘဝကနေ ဒီလောက်အဆင့် နေအိမ်တွေနဲ့ နေရတာက အကောင်းဆုံး ဖြစ်မယ်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ အရင်တုန်းက မြို့ထဲမှာနေတုန်းကတော့ ကျနော်တို့ တရွာလုံးက မြို့မဈေးကိုမှီခို လုပ်ကိုင်စားသောက်ခဲ့ရတယ် ။အခု ဒီမှာ ရေရှည်နေရ မယ်ဆိုတော့ ကျနော်တို့ ရွာသားတွေအတွက် မှီခိုစားသောက် လုပ်ကိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေလိုပါတယ် ။ ” ဟု ပြောသည်။
လက်ရှိအချိန်တွင် ၎င်း တို့ကို WFP အဖွဲ့က ၁ လ စာ အဖြစ် ဆန် ၊ ဆီ ၊ ဆား စားနိပ်ရိက္ခာများ ပုံမှန် ထောက်ပံ့မှုများကို ပေးထားပြီး ထောက်ပံ့မှု ရပ်ဆိုင်းသွားသည့်အချိန် ရိက္ခာပြတ်လပ်နိုင်သည့် အခြေအနေ ရှိကြောင်း ဘင်္ဂါလီကျေးရွာသားများက ပြောကြသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ပဋိပက္ခကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူစသည့် မြို့နယ်များတွင် ဒုက္ခသည်စခန်းများအား ဖွင့်လှစ်ထားရှိခဲ့ရပြီး အစိုးရမှ အဆိုပါဒုက္ခသည်စခန်းများကို ပိတ်သိမ်းနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်ကတည်းက စတင် ဆောင်ရွက် ခဲ့ကြောင်းလည်း သိရသည်။
ယင်းသို့ ဆောက်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်တွင် စစ်တွေမြို့နယ် ဆတ်ရိုးကျဒုက္ခသည်စခန်း၊ စက်ရုံစုဒုက္ခသည်စခန်း၊ ကျောက်ဖြူဒုက္ခသည် စခန်း၊ ရမ်းဗြဲဒုက္ခသည်စခန်း၊ ကျောက်တော် ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းနိုင်ခဲ့ပြီး မြေပုံဒုက္ခသည်စခန်းနှင့် ပေါက်တောဒုက္ခသည်စခန်းများကိုလည်း ဆက်လက် ပိတ်သိမ်းရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက် နေကြောင်းလည်း သိရသည်။