သတင်း

အန္တရာယ်ရှိ ကြိုးတံတားများ အသစ်ပြန်လည် တည်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းအနက်မှ အရေးကြီးသည့် တံတားများကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီး အန္တရာယ်ရှိတံတားများကို အသစ်ပြန်လည် တည်ဆောက်၍ ကျန်ကြိုးတံတားများကို အဆင့် ပြန်လည်မြှင့်တင်သွားမည်ဖြစ်ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ အမျိုးသား လွှတ်တော်တွင် မီဒီယာများကိုပြောသည်။

ဦးကျော်လင်း က “ဒီထဲမှာရှိတဲ့ အရေးကြီးတဲ့ တံတားအားလုံးထဲက ကျတော်တို့ အချို့ဟာတွေ အသစ် ပြန်ပြီးတည်ဆောက်မယ်။ အချို့ဟာတွေကိုတော့ ပြန်လည် မြှင့်တင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍနှစ် အတွင်း အောက်တိုဘာလမှ တစင်၍ ဧရာဝတီတိုင်းအတွင်းရှိ ပယ်လယ်လေးတံတား၊ ဝါးခယ်မတံတား၊ ရွှေလောင်းတံတား၊ ကျွန်းကုန်း တံတား စသည့် တံတား ၄ စင်းကို အသစ်ပြန်လည် ဆောက်လုပ်ရန် တင်ပြထားပြီး စတင်တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း နှင့် ပျက်ကျခဲ့သည့် မြောင်းမြကြိုးတံတားအား အသစ်ပြန်လည် တည်ဆောက်ပြီးနေပြီ ဖြစ်ကြောင်းသိရသည်။

နိုင်ငံအတွင်းရှိ ကြိုးတံတားများကို စစ်ဆေးသည့် အဖွဲ့ အနေဖြင့် ၃ လတကြိမ်၊ ၆ လကြိမ်၊ ၁ နှစ်တကြိမ် ကြီးကြပ် ပုံမှန် စစ်ဆေးသင့်ကြောင်း ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ကြိုးတံတားများ၏ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာန ဘက်မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကြေငြာချက်များ ထုတ်ပြန်ခဲ့သော်လည်း၊ အမှန်တကယ်သာ စစ်ဆေးမှုများ ပုံမှန်ဆောင်ရွက်ခဲ့ပါက မြောင်းမြကြိုးတံတားမှာ ပြတ်ကျစရာအကြောင်းမရှိဟုလည်း ထောက်ပြပြောဆိုသည်။

ဦးတင်မောင်ဝင်း က “တကယ်လုပ်ဖို့ အရေးကြီးပါတယ်။ သူတို့လုပ်မလုပ် ဘယ်သူက စစ်မှာလဲ။ အဲဒါ အရေးကြီးတယ်။ မလုပ်လို့လဲ သူ့ကိုအရေးယူမယ့်သူ မရှိဘူးလေ။ သဘောကတော့ တကယ်လုပ်မယ်ဆို လုပ်မလုပ်ကို စစ်ဆေးတဲ့ အဖွဲ့ရှိရင်တော့ ပိုကောင်းပါမယ်” ဟု ပြောသည်။

စစ်ဆေးမှု ပြုလုပ်ခဲ့သည့် အရေးကြီးသည့် ကြိုးတံတားများမှာ ကရင်ပြည်နယ်ရှိ ဂျိုင်း (ကော့ကရိတ်)၊ ဂျိုင်း (ဇာသပြင်) နှင့် ကရင်နှင့် မွန်ပြည်နယ် (မော်လမြိုင်) ကြား အတ္ထရံ မြစ်ကူးတံတား၊ မကွေးတိုင်းအတွင်းရှိ မယ်ဇလီ ကြိုးတံတား၊ ဧရာဝတီတိုင်း အတွင်းရှိ ပယ်လယ်လေး ကြိုးတံတား၊ ဝါးခယ်မ ကြိုးတံတား၊ ရွှေလောင်းတံ ကြိုးတံတား၊ ကျွန်းကုန်းကြိုးတံတား တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပြန်လည်တည်ဆောက်ပြီး ဖြစ်သည့် မြောင်းမြ ကြိုးတံတားအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် တံတားများကိုလည်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဦးကျော်လင်း က ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က “အစိုးရကို အစိုးရက စစ်ဆေးဖို့ဆိုတာ ခက်တယ်။ အန်ကယ်တို့ ပြောပြောနေတာ ဆောက်လုပ်ရေးက တံတားဆောက်တယ် ဆိုရင် သူတို့ဆောက်ခဲ့တာလေ။ ကိုယ်ဆောက် ကိုယ်စစ်တယ်ဆိုတာက သိပ်အဓိပ္ပာယ်မရှိဘူးလေ” ဟု ပြောသည်။

လွှတ်တော်အစည်းအဝေးများတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းမပြုဘဲ၊ ဆောက်လုပ်ထားသည့် အဆောက်အဦများ၊ အသစ်ဆောက်လုပ်မည့် အဆောက်အဦအားလုံးကို အရည်အသွေးမီ၊ မမီစစ်ဆေးသည့် အဖွဲ့ဖြစ်သာ ပြုလုပ်သင့်ကြောင်း ဆွေးနွေးမှုများရှိသည်။

ဧရာဝတီတိုင်း အတွင်းရှိ ပယ်လယ်လေး၊ ဝါးခယ်မ၊ ရွှေလောင်းတံ၊ ကျွန်းကုန်းကြိုတံတား ၄ စင်းကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၂၀၁၈ -၁၉ အောက်တိုဘာလမှ စ၍ အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ပြီး၊ မွန်ပြည်နယ်ရှိ ဇာသပြင်၊ ကော့ကရိတ်၊ အတ္ထရံတံတား ၃ စင်းသည်လည်း အန္တရာယ် ရှိတံတား စာရင်းတွင် ပါရှိသဖြင့် ယင်းတံတားတို့ကိုမူ ဂျပန်နိုင်ငံမှဂျိုက်ကာ (JICA) အကူညီဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကြိုးတံတား၂၉ စင်းကို တရုတ်နိုင်ငံ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံမှ ပညာရှင်များနှင့် တိုင်းတာစစ်ဆေးမှု များပြုလုပ်လျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading