သတင်း

ပဲခူးက ရဲ ၃ ဦး စခန်းနယ်မြေအတွင်း ဝိုင်းဝန်း ရိုက်နှက်ခံရ

ပဲခူးမြို့၊ အမှတ် ၃ နယ်မြေ ရဲစခန်း အပိုင်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးအား လူတစုက ဝိုင်းဝန်း ရိုက်နှက်မှု ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရဲစခန်းက အတည်ပြု ပြောဆိုသည်။

ထိုသို့ ဝိုင်းဝန်း ရိုက်နှက်ခံရသည့် ရဲတပ်ဖွဲ့များမှာ ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ပဲခူးအမှတ် ၁ ရဲစခန်းမှ တပ်ဖွဲ့ဝင် တဦးတို့ ဖြစ်ကြောင်းလည်း သိရသည်။

ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် တဦးအား စိုးရိမ်ဖွယ် အခြေအနေရှိသည့် အတွက် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းကာ ကုသလျှက် ရှိပြီး ကျန်တပ်ဖွဲ့ဝင် နှစ်ဦးအား ပဲခူးဆေးရုံကြီးတွင် တင်ပို့ ကုသထားကြောင်း ပဲခူးအမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပဲခူးအမှတ် ၁ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ က “ပြဿနာဖြစ်တဲ့ အချိန်က ယူနီဖောင်း တွေ မပါကြဘူး။ အဲဒီတော့ ရဲတွေမှန်းတောင် သိချင်မှ သိကြမှာ။ အနီးနားက လူတွေပြောတာတော့ ဝိုင်းရိုက်တာ ၇ ယောက် ရှိတယ် ပြောကြတယ်။ အခုထိတော့ လုပ်တဲ့သူတွေ ဖမ်းမမိသေးဘူး” ဟု ဧရာဝတီသို့ ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

ယင်းပတ်ဝန်းကျင် အနီး နေထိုင်သူများ၏ ပြောကြားချက် အရ ညဦးပိုင်းတွင် ဆိုင်ကယ်ချင်း ချိတ်မိရာမှ စကားများခဲ့ကြပြီး ၎င်းတို့ အပြန်၌ စောင့်ဆိုင်းကာ ဝိုင်းဝန်ရိုက်နှက်ခြင်း ဖြစ်သည်ဟု လတ်တလော ကြားသိရကြောင်း ဦးညွန့်ရွှေက ဆို သည်။

အမှုဖြစ်စဉ် အသေးစိတ်အား ယနေ့ ညနေပိုင်း အထိ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ပြောဆိုခြင်း မရှိသေးသော်လည်း ရိုက်နှက်ခဲ့သည့် အဖွဲ့မှ တဦးအား ဖမ်းမိထားပြီဟု သိရကြောင်း ပဲခူးမြို့တွင်နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ လက်ရှိတွင် အမှတ် ၃ နယ်မြေ ရဲစခန်း၌ (ပ) ၁၁၀၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၄/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက် ရှိကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး က ပြောသည်။

Loading