သတင်း

ရန်ကုန် တရုတ်တန်းတွင် ခြင်္သေ့ရုပ် မုခ်ဦး တည်ဆောက်ရန် တရုတ် ကမ်းလှမ်း

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ တရုတ်တန်း (China Town)တွင် ခြင်္သေ့ရုပ်များနှင့် မုခ်ဦးတည်ဆောက်ရေး ကုန်ကျစရိတ် လှူဒါန်းရန် တရုတ် နိုင်ငံ၊ နန်းနင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ကမ်းလှမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သိရသည်။

တရုတ်နိုင်ငံ နန်နင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန် တရုတ်တန်း ပြုပြင်မွမ်းမံရန် ကူညီပေးရန် ပြုပြင်မည့် အစီအစဉ် များကို YCDC သို့ တင်ပြထားပြီးနောက် YCDC မှ တရုတ်တန်းရှိ ရပ်မိရပ်ဖများနှင့် ဆွေးနွေးညိုနှိုင်းကာ ပြင်ဆင်ရန် အချက် အလက်များကို နန်နင်းဘက်သို့ ပြန်လည် ပေးပို့ထားကြောင်း YCDC အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

ဒေါ်လှိုင်မော်ဦး က“တရုတ်တန်း အတွက် သူတို့ ဘာလုပ်လို့ ရမလဲ။ သူတို့ ကြည့်ပေးချင်ပါတယ် ဆိုပြီးတော့ မြို့တော်ဝန်၊ အန်တီတို့နဲ့ တရုတ်တန်းက ရပ်မိရပ်ဖတွေနဲ့ တွေ့ကြပါတယ်။ တရုတ်တန်းအတွက် လိုအပ်တာတွေ သူတို့ လုပ်ပေးမယ် ဆိုပြီး ပြန်သွားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံးက တဆင့် စာပို့လာတယ်။ မြန်မာနိုင်ငံ အတွက်ကို ဒီဇိုင်းကို သူတို့ လှူပေးမယ်။ မုခ်ဦးကြီးနဲ့ ခြင်္သေ့ရုပ်၂ ရုပ်ကို တည်ဆောက်တဲ့ ကုန်ကျစရိတ်ကို သူတို့ လှူပေးမယ် ဆိုပြီး ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “တရုတ်တန်းမှာ သူတို့ တကယ်လှူမယ် ဆိုရင် မုခ်ဦးကြီးနဲ့ ခြင်င်္သေ့ရုပ်ထက် စာရင် တရုတ်တန်း အတွက် တကယ်လိုအပ်တဲ့ ဟာရရင်တော့ ပိုကောင်းမယ်လို့ လူကြီးတွေက စဉ်းစားပါတယ်။ မုခ်ဦးကြီးနဲ့ ခြင်င်္သေ့ရုပ်ထက် အသုံးတည့်တာများ ရှိရင် အန်တီတို့ဆီ တင်ပြပေးပါလို့ တရုတ်တန်း ရပ်မိရပ်ဖတွေကို မေးပါတယ်။ ရတဲ့အဖြေကို နန်နင်း မြို့တော် အုပ်ချုပ်ရေးသို့ ပြန်ပို့ထားပါတယ်” ဟု ဆိုသည်။

တရုတ်တန်းကို ပြုပြင်မွမ်းမံရာတွင် တရုတ်တန်း မျက်နှာစာလမ်း ဖြစ်သည့် မဟာဗန္ဓုလ လမ်းမကြီးရှိ လူနေတိုက်ခန်းများ ဆေးသုတ်ခြင်း၊ ဆက်သွယ်ရေး ကြိုးများနှင့် မီးကြိုးများကို စနစ်တကျ ပြန်လည် သွယ်တန်းခြင်း၊ ရန်ကုန်မြို့ လသာလမ်း၊ လမ်းမတော်လမ်းတို့ရှိ လူသွားစြင်္ကန်များ၊ ပလက်ဖောင်းများ အသစ် ပြုပြင်ခြင်း၊ လမ်းမီးတိုင် အလှများ တပ်ဆင်ခြင်း၊ တရုတ်တန်းရှိ တရုတ်ဘုရားကျောင်းများ၊ ဘုံကျောင်းများကို ပြုပြင်ပေးရန်၊ ရှေးဟောင်း လက်ရာ မပျက် ကျန်ရှိနေသော တရုတ် ဗိသုကာလက်ရာများကို ရှေးမူမပျက် ပြုပြင်မွမ်းမံပေးရန်နှင့် အမှိုက်ပုံများ စည်းကမ်းတကျ ထားရှိခြင်း စသည့်အချက် ၆ ချက်ကို နန်နင်းဘက်သို့ တင်ပြထားကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်လှိုင်မော်ဦးက “ဒီ ၆ ချက်က အန်တီတို့က တောင်းဆိုတာ။ သူတို့က ဒါပဲ လုပ်ပေးမယ် ဆိုရင်တော့ ဒါပဲ ရမှာပေါ့။ ဒါမှ မဟုတ် မုခ်ဦးကြီးနဲ့ ခြင်္သေ့ရုပ်မှ မယူရင် မရဘူးဆိုလည်း အန်တီတို့ မတတ်နိုင်ဘူး။ သူတို့က တရုတ်တန်း အတွက် ပေး ချင်တယ်လို့ ပြောတာ။ အန်တီတို့က ဒါအစားကို တရုတ်တန်း အဆင့်မြှင့်ပေးဖို့ရာ လုပ်ပေးဖို့ပါ” ဟု ပြောသည်။

အဆိုပါ တင်ပြချက်စာကို သြဂုတ်လဆန်းပိုင်း အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြထားပြီး ယင်းမှ တဆင့် နိုင်ငံခြားရေး ကောင်စစ်ဝန်ရုံးသို့ တင်ပြကာမည်ဖြစ်ကာ ထိုမှ တဆင့် တရုတ်နိုင်ငံ နန်နင်းမြို့တော် အုပ်ချုပ်ရေး ဘက်သို့ ပို့ဆောင်သွားမည် ဖြစ်သည်။

ယင်းသို့ ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်ပြီး နန်နင်းမြို့တော် အုပ်ချုပ်ရေးဘက်မှ တောင်းဆိုချက်များကို ဆောင်ရွက်ပေးရန် စာပြန်လာလျှင် YCDC ရှိ သက်ဆိုင်ရာ ဌာနများအနေနှင့် တိုင်းဒေသကြီးမှ တဆင့် ညိုနှိုင်း လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။

ပြုပြင်မွမ်းမံမည့် ဧရိယာမှာ မဟာဗန္ဓုလ လမ်းတလျှောက်၊ လမ်းမတော်နှင့် မဟာဗန္ဓုလဘလမ်းကြား၌ လုပ်ပေးရန် အတွက် ဖြစ်ပြီး လက်ရှိ၌ တောင်းဆိုချက်များ သဘောတူ၊ မတူနှင့် ကူညီပေးမည့် ငွေကြေး ပမာဏတို့အား မသိရသေး ကြောင်း YCDC က ဆိုသည်။

လမ်းမတော်လမ်းရှိ ဈေးသည် ဦးအောင်က “သူတို့တွေ အဆင့်မြှင့်တင်မယ် ဆိုတာ အသစ် ပြန်လုပ်မှာလား။ လမ်းတွေ ဘာတွေ ပြန်လုပ်မှာ ဘယ်လိုလဲတော့ အသေအချာ မသိဘူးပေါ့လေ။ ကျနော်တို့ စနစ်တကျ လုပ်မယ် ဆိုရင်တော့ သပ်ရပ်သွားမယ်လို့ ထင်တယ်။ နောက်တခုက သန့်ရှင်းရေးပေါ့နော်။ နောက်ဖေးလမ်းကြားတွေ ဘာတွေ အဆင့်မြှင့် လိုက်မယ် ဆိုရင် ကောင်းတာပေါ့နော်” ဟု ပြောဆိုသည်။

နိုင်ငံတော်တော်များများ၌ China Town ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဆွဲဆောင်သော ဈေးတန်းတခု အဖြစ် အဆင့်မြှင့် လုပ်ဆောင်ခြင်းများလည်း ရှိသောကြောင့် မြန်မာနိုင်ငံ အနေနှင့်လည်း ယင်းကဲ့သို့ လုပ်ဆောင်ကာ နိုင်ငံခြား သား ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာတခု ဖြစ်လာနိုင်ကြောင်း YCDC က သိရသည်။

တရုတ်တန်းရှိ ရွှေဆိုင်ပိုင်ရှင် ဒေါ်စန်းမြင့်က “ဒီလို အထင်ကရ နေရာမျိုးကို ဖွံ့ဖြိုးပြီး တရုတ်နိုင်ငံလိုမျိုးက ကူညီမယ် ဆို ရင် ကောင်းတာပေါ့။ သူတို့ဆီက နည်းပညာ ယူလာပြီး ဒီဇိုင်းတွေ ဘာတွေ အသုံးချရင် ကောင်းပါတယ်။ ဒါပေမယ့် ကျမ ရှေ့လပိုင်းလောက်က တရုတ်တန်းနားမှာ မနက်ဘုန်းကြီး ဆွမ်းလောင်းဖို့ ဆိုပြီး ဈေးသွားဝယ်တာ ည ၈ နာရီလောက်ပဲ ရှိမယ်။ ပိုက်ဆံအိတ် အလုခံရတယ်။ အဲဒီနားက လူတွေ ဝိုင်းလိုက်လို့ ပိုက်ဆံအိတ်နဲ့ ဖုန်းကတော့ပြန်ရတယ်။ လုံခြုံရေး ပိုင်းကိုလည်း ကောင်းမွန်စေချင်ပါတယ်” ဟု ဆိုသည်။

တရုတ်တန်း ပြုပြင်မွမ်းမံရေးကို တရုတ်နိုင်ငံမှ ကူညီမည်ဆိုသည်မှာ ကောင်းမွန်သော်လည်း နောက်ကွယ်၌ မည်သို့ ရည်ရွယ်ချက်များ ရှိနေကြောင်းကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading