သတင်း

မူးယစ် အစီရင်ခံစာများ တူနေမှု စစ်ကိုင်းအာဏာပိုင်များကို သမ္မတ ထောက်ပြ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြသည့် အစီရင်ခံစာ နှစ်စောင်တွင် လစဉ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု စာရင်း နှစ်ခု တူညီနေသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသဆိုင်ရာ အာဏာပိုင် များ အပေါ် သမ္မတဦးဝင်းမြင့်အနေဖြင့် ဘဝင်မကျဖြစ်စေခဲ့သည်။

သမ္မတ ဦးဝင်းမြင့်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မြှင့်တင် နိုင် မည့် နည်းလမ်းများ ရှာဖွေရေး စစ်ကိုင်းတိုင်းဒေသကြီးမှ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေး တာဝန်ရှိသူများနှင့် ပြီးခဲ့သည့် စနေနေ့က တွေ့ဆုံခဲ့ရာ အစည်းအဝေးတွင် အခြေအနေမှန်ကို ဖုံးဖိရန် ကြိုးစားနေခြင်းရှိ/မရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုသမ္မတကမေးခွန်းထုတ်ခဲ့သည်။

မူးယစ်သတင်းများပါသည့်လစဉ်အစိုးရအစီရင်ခံစာနှစ်စောင်ကိုနှိုင်းယှဉ်ရင်း“အဓိပ္ပါယ်မရှိဘူး”ဟု သမ္မတ ဦးဝင်းမြင့် ကပြောသည်။

မူးယစ်ဆေးပြစ်မှု ကျူးလွန်ရန်ကြိုးစားသူများ၏ သက်သေ အထောက်အထားများ၊ သိမ်းဆည်းရမည့် အရေအတွက်၊ သိမ်းဆည်းရမိသည့် ဘိန်းဖြူ ကီလိုဂရမ် စုစုပေါင်းနှင့် မူူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးတို့မှာ အစီရင်ခံစာ နှစ်စောင်လုံး တွင် အတူတူဖြစ်နေကြောင်း သူကထောက်ပြသည်။

ယင်းချို့ယွင်းချက်ကို အစည်းအဝေး တက်ရောက်လာသည့် အစိုးရ တာဝန်ရှိသူများအားပြသရန် အစီရင်ခံစာများအား သမ္မတက သူနှင့်အတူယူဆောင်လာခဲ့သည်။

“ဒီ အစီရင်ခံစာတွေ ကျနော်မဖတ်ဘူးလို့ ခင်ဗျားတို့ထင်နေလား။ ကျနော်အဲဒါတွေကို ဂရုတစိုက်ဖတ် ပါတယ်။ ကျနော် တော်တော်စိတ်မကောင်းဖြစ်မိတယ်”ဟုဦးဝင်းမြင့်ကပြောသည်။

“ကျနော့် ကိုဘာမှဖုံးကွယ်မထားပါနဲ့။ ကျနော်လိမ်တာမကြိုက်ဘူး” ဟုလည်း သမ္မတကဆိုသည်။

နှစ်ကာလများစွာပင် မြန်မာနိုင်ငံ၌ ဗျူကရိုကရေစီ အလေ့အထ ဖြစ်ထွန်းခဲ့သဖြင့် အဆင့်မြင့်အရာရှိ များထံ မလိုလားသည် များမသိရှိစေရန် အချက်အလက်အမှား တင်ပြခြင်းဖြင့် ပကတိအရှိတရားကို အပေါ်ယံရွှေမှုန်ကြဲခဲ့သည့်မှာ အသားကျ နေပြီဖြစ်သည်။

သမ္မတရုံးထံ မတင်ပြမီ အချက်အလက်များ စစ်ဆေးခြင်းရှိ/မရှိ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကို ဦးဝင်းမြင့်က မေးမြန်းခဲ့ပြီး၊ လုပ်ထုံးလုပ်နည်းအရ အစိုးရဌာနများက ဝန်ကြီးချုပ်ရုံးဆီသို့ နောက်ဆုံးသတ်မှတ်ချိန် အရောက်အစီရင်ခံ တင်ပြရန် လိုသည်။ ဝန်ကြီးချုပ်က ယင်းအစီရင်ခံစာများ ကို စစ်ဆေးကာ လက်မှတ်ထိုးပြီးနောက် သမ္မတရုံးသို့ ဆက်လက် တင်ပြရသည်။

အခြေအနေ အရပ်ရပ်တိုင်းတွင် အဆိုးအကောင်း၊ အားနည်းချက်နှင့် အားသာချက်များရှိသည်ကို မိမိ သဘောပေါက် ကြောင်း၊ လက်တွေ့တွင် အားလုံးကောင်းပါသည် ဟူသော မည်ကာမတ္တ အစီရင်ခံစာ များကို မလိုလားကြောင်း သမ္မတ ကဆက်လက်ပြောဆိုသည်။

သတင်းအချက်အလက် အတူတူဖြစ်၍ တင်ပြမိခြင်းသည် စာစီစာရိုက်လွဲချော်မှုကြောင့် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်ဆွေကဧရာဝတီသို့ပြောသည်။

“ဧပြီလနဲ့ မေလက အစီရင်ခံစာတွေမှာ မှားယွင်းခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ပြင်ဆင်ပြီးဖြစ်ပါ တယ်”ဟုသူကပြောသည်။

ဇူလိုင်လကတည်းက သမ္မတဦးဝင်းမြင့်သည် နိုင်ငံတဝန်းရှိ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် အစည်း အဝေးကျင်းပခဲ့ပြီး ၎င်းတို့ထံမှလစဉ် အစီရင်ခံစာများကို သမ္မတရုံးသို့ ပေးပို့ရန် ဆွေးနွေးမှာကြားခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးသည် သမ္မတ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ခရီးစဉ်များတွင် တတိယမြောက်ခရီးစဉ်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်က သမ္မတဦးဝင်းမြင့်သည် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူသိများ သော ဥပဒေရေးရာ ကိစ္စရပ်များကို အချိန်မဆွဲထားရန်နှင့် ပြည်ထောင်စုအစိုးရ က အတည် မပြုရသေးသော မည်သည့် စီမံကိန်းကိုမှ နှုတ်အားဖြင့် သဘောထားမှတ်ချက် မပေးရန် သတိပေးခဲ့သည်။

ချင်းပြည်နယ်၊  အိန္ဒိယနိုင်ငံတို့နှင့်  နယ်နိမိတ်ချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးသည် မူးယစ်မှောင်ခိုမှု၊ မြေယာ အငြင်းပွားမှု၊ တရားမဝင်သစ်နှင့် ရွှေခိုးထုတ်မှု ပြဿနာများ ရှိနေသော အရေးပါသည့် နယ်မြေအစိတ်အပိုင်း တခုဖြစ် သည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ ဥပဒေပြဋ္ဌာန်းရေးနှင့် တရားစီရင်ရေး တာဝန်ရှိသူများကို တိုင်းဒေသကြီးရှိ အကျင့်ပျက် ခြစားမှု အပါအဝင် ပြဿနာများအား ကိုင်တွယ်ရေး အတူလက်တွဲ လုပ်ကိုင်ကြရန် ဦးဝင်းမြင့်က လမ်းညွှန်ခဲ့သည်။

မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံဝန်ထမ်း ၁၆ဦးမှာ ခြစားမှုကြောင့် တိုင်ကြားခံထားရပြီး စစ်ဆေးခံရန် ပျက်ကွက်သော တရားခံပြေးများ အဖြစ်သတ်မှတ်ထားသည်။ အဆိုပါစာရင်းထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိနှစ်ဦးပါဝင်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ၃ခုကို စစ်တပ်က တာဝန်ယူ ကိုင်တွယ်ထားပြီး တိုင်းရင်းသားအများစု နေထိုင်ရာ ပြည်နယ်များနှင့် ဆက်စပ်သော ကိစ္စရပ်များ အတွက် တာဝန်ရှိသည့်ဌာနမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို ကြီးကြပ်ရန်မှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သည် ကျေးရွာအဆင့် အုပ်ချုပ်ရေးရုံး အားလုံးမှ မြို့နယ်အဆင့် အထိစီမံကွပ်ကဲရသည်။

“ကျနော် ဒီကိုမလာခင်မှာ အစီရင်ခံစာတွေ အားလုံးကို သေသေချာချာ ဖတ်ပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးနဲ့ တခြားဌာနတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်မြင့် တင်ဖို့ အတူတကွ လက်တွဲ လုပ်ကြဖို့ ကျနော် အလေးအနက် တိုက်တွန်းချင်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်ဖို့ ခင်ဗျားတို့ ကိုယ်စီ ကိုယ်ငှတာဝန်ရှိပါတယ်။ ကိုယ့် အကျိုး (ဒါမှမဟုတ်) ကိုယ့်ဌာန အကျိုးတခုတည်း အတွက်မလုပ်ကြပါနဲ့” ဟု သမ္မတကပြောသည်။

တချို့က အပြောင်းအလဲလုပ်ဖို့ ချီတုံချတုံ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ တချို့ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်။ တကယ် တော့ အပြောင်းအလဲတွေကို ခင်ဗျားတို့ စိုးရိမ်ဖို့မလိုပါဘူး။ ပြုပြင်ပြောင်း လဲရေး ဆိုတာ ခင်ဗျားတို့ ရန်သူမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးဟာ ခင်ဗျားတို့ရဲ့မိတ်ဆွေ ကောင်းပါ” သူကဖြည့်စွက်ပြောကြားခဲ့သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ နန်းလွင်ရေးသည့် President Takes Sagaing Officials to Task Over Duplicated Drug Figures ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading